တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း”ကာဂျီကီ”၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်းသို့ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ သြဂုတ် ၂၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ရာ ယနေ့ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုးသည်း ထန်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါ “ကာဂျီကီ”မုန်တိုင်းသည် သြဂုတ် ၂၇ ရက်တွင် ထိုင်း-လာအို-မြန်မာနယ်စပ်ဒေသတွင် အ ကြွင်းအကျန်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်၊ သြဂုတ် ၂၈ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)တို့၌ အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အားပျော့သွားနိုင်သည်ဟုလည်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ခန့်မှန်းချက်အရ သိရသည်။
လက်ရှိအချိန်၌ တိုင်ဖွန်းမုန်တိုင်း”ကာဂျီကီ”သည် တောင်တရုတ်ပင်လယ်ပြင်မှ အနောက်ဘက်သို့ ရေ မိုင်(၂၂၁)မိုင်ရွေ့လျားခဲ့ရာ အရှေ့ဗီယက်နမ်ပင် လယ်ပြင်သို့ရောက်ရှိပြီး ပိုမိုအားကောင်းလာခဲ့ကြောင်း သိရသည်။
