စင်ကာပူ လေတပ်နှင့် ရေတပ်စခန်းများသို့ သြစတြေးလျက မကြာခဏ အလည်အပတ်သွားရောက်ခွင့်အပါအဝင် နှစ်နိုင်ငံ သက်ဆိုင်ရာ ကာကွယ်ရေးအဆောက်အအုံများသို့ ပိုမို သွားရောက်ခွင့်ဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့ အင်္ဂါနေ့တွင် သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံအနေဖြင့် အရေးပါသော မိတ်ဖက်ဆက်ဆံရေး ကို အဆင့်မြှင့်တင်ခြင်းကို လာမည့်နှစ်တွင် ကြေညာသွားရန် စီစဉ်ထားကာ ယင်းတွင် ပိုမိုနီးကပ်သော စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်များ ပါဝင်မည်ဟု စင်ကာပူနိုင်ငံသို့ ဝန်ကြီးအဆင့်ခရီးစဉ်အတွင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က ပြောကြားခဲ့သည်။
မိမိတို့ နှစ်နိုင်ငံသည် ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံများသို့ ပိုမို သွားရောက်နိုင်ရေး အခွင့်အလမ်းများကို ဖော်ဆောင်ရန် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြသည်ဟု နှစ်နိုင်ငံ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများပါဝင်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မားလက်စ်က ပြောဆိုခဲ့သည်။
စင်ကာပူနိုင်ငံသည် သြစတြေးလျ စစ်ဖက်သင်္ဘောများနှင့် လေယာဉ်များကို ကာလကြာရှည်ကတည်းက ဝင်ရောက်ခွင့်ပေးထားသကဲ့သို့ ၎င်း၏ တိုက်လေယာဉ်မှူးများကို သြစတြေးလျနိုင်သို့ စေလွှတ်ကာ လေ့ကျင့်စေခဲ့သည်မှာလည်း နှစ် ၃၀ ကြာခဲ့ပြီဖြစ်သည်။
စင်ကာပူနိုင်ငံအနေဖြင့် ၎င်း၏ လေတပ်သားများနှင့် စစ်သည်များအတွက် လေ့ကျင့်ရေးအခွင့်အလမ်းများ ပိုမိုရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောကြားခဲ့သည်။
Ref: ဂျေပီ
