ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ကို ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိ၌ ကမ္ဘောဇသာဒီနန်းတော် လက်ဝဲဝင်းဆောင်၊ ဘမယာသနပလ္လင်ဆောင်၊ လက်ယာဝင်းဆောင်တို့၏ အမိုးရေလုံဆေးသုတ်ခြင်း၊ ရွှေဆေးသုတ်ခြင်းနှင့် မြန်မာမှုပန်းကနုတ်များ နှစ်ကာလကြာမြင့်မှုကြောင့် ပျက်စီးလာခြင်းကို မူလလက်ရာမပျက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေဆဲ ဖြစ်သည်။
ကမ္ဘောဇသာဒီနန်းတော်ကို မြန်မာသက္ကရာဇ် (၉၁၅)(အေဒီ ၁၅၅၃ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် အကျယ်အဝန်း (၃၄၀၀) စတုရန်းမီတာရှိပြီး မြို့ရိုးပတ်လည်တစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅)ပေါက်ပါဝင်ကာ စုစုပေါင်း မြို့တံခါး (၂၀) ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းတော်သစ်တစ်ခုဖြစ်ခဲ့သည်။
မြန်မာသက္ကရာဇ် ၉၄၃ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော် (၆၆) နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော် နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ပျက်စီးခဲ့ရကာ “ကမ္ဘောဇသာဒီ” နန်းတော်ကြီးမှာလည်းမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ထို့နောက် နှစ်ပေါင်း (၄၀၀) ကျော်ခန့် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇသာဒီ” နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉ ၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိသုတေသနပြုတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ (၁၃) ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကိုတွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်ဆောင်၊ လက်ယာဝင်ဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများ နှင့် ညှိနှိုင်း၍ ပုံစံတူပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။
