ရန်ကုန်၊ စက်တင်ဘာ ၁၉
ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာ U-17 အသင်းက FIFA U-17 World Cup ဝင်ခွင့်ရ နယူးဇီလန် U-17 အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ U-17 အသင်းနှင့် နယူးဇီလန် U-17 အသင်းတို့သည် ယနေ့ စက်တင်ဘာ ၁၉ ရက် ဂျပန်စံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Niigata City Athletics Stadium ၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ U-17 အသင်းသည် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်က အိမ်ရှင် ဂျပန် U-17 အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ကမ္ဘာ့ဖလားဝင်အသင်းတစ်သင်းကို နှစ်ဂိုးအထိ ပြန်လည်သွင်းယူနိုင်ခဲ့သည်။
ယခု ဒုတိယပွဲစဉ်တွင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် နယူးဇီလန် U-17 အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ဂျပန် U-17၊ နယူးဇီလန် U-17၊ မြန်မာ U-17 နှင့် အိမ်ရှင် နီဂါတာ U-17 လက်ရွေးစင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး မြန်မာ U-17 အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် နီဂါတာ U-17 လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ U-17 အသင်းအတွက် ယခုပြိုင်ပွဲသည် လူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ ရရှိစေသည့်အပြင် အဆင့်မြင့်လူငယ်အသင်းများနှင့် ယှဉ်ပြိုင်ကစားခွင့်ရရှိသည့် ပြိုင်ပွဲတစ်ရပ်လည်းဖြစ်သည်။
မြန်မာ U-17 အသင်းကို ဂျပန်လူမျိုးနည်းပြ Ryuji Sueoka က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်လျက်ရှိပြီး နည်းစနစ်ဒါရိုက်တာအဖြစ် Mita Michiteru က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
