ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှပံ့ပိုးကူညီပေးခဲ့မှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားက ပြန်ပြောင်းပြောပြခဲ့သည်။
တရုတ်သံရုံးမှ ဩဂုတ် ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲတင့်တက်ရောက်ခဲ့သော တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်ပြည်နယ် ပြန်လည်ပေါင်းစည်းရေးသည် ဒုတိယကမ္ဘာစစ်၏အောင်မြင်မှုရလဒ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၏အရေးပါသောအစိတ်အပိုင်းဖြစ်၍ ဒုတိယကမ္ဘာစစ်၏ မှန်ကန်သောသမိုင်းအမြင်ပြန့်ပွား၍ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကိုကာကွယ်ကာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်ကြရန်လည်း သံအမတ်ကြီးကတိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့အတူ ဒု-ဝန်ကြီးဦးရဲတင့်မှ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံကာ နိုင်ငံတကာအဖွဲ့အစည်းအား လွှမ်းမိုးရေးဝါဒနှင့် အင်အားကြီးနိုင်ငံရေးတို့ကိုဆန့်ကျင်၍ ကုလသမဂ္ဂမူဘောင်အောက်တွင် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးသာယာလှပသည့်ကမ္ဘာကြီးကို အတူတကွကြိုးပမ်းတည်ဆောက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အရှေ့ပိုင်းအဓိကစစ်မြေပြင်၏ အရေးပါမှု၊ သမိုင်းအမှန်တရားကို ခိုင်မြဲစွာထိန်းသိမ်းခြင်း၊ ဖက်ဆစ်ဝါဒီကျူးကျော်စစ်အား တရုတ်-မြန်မာခုခံတွန်းလှန်ခဲ့သည့်သမိုင်းကိုလက်ဆင့်ကမ်းခြင်းနှင့် တရုတ်-မြန်မာ မီဒီယာပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။
