အိန္ဒိယနိုင်ငံမှ The Art of Living ဖောင်ဒေးရှင်းတည်ထောင်သူ ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာသည် ၎င်း၏ မြန်မာပြည်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ (၇) ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
ယနေ့ ဖေဖေါ်ဝါရီ (၈) ရက် နံနက်ပိုင်းက စီးပွားရေးလုပ်ငန်းရှင်များအား Inspirational Leadership & Inner Peace ခေါင်းစဉ်ဖြင့် ခွန်အားဖြည့် စကားပြောကြားသည့် ပွဲနှင့် နေ့လယ်ပိုင်းတွင် အမျိုးသားကဇာတ်ရုံ၌ အများပြည်သူများအတွက် ဘဝနေနည်း ပြောကြားညွှန်ပြသည့် ပွဲတို့ကို ကျင်းပခဲ့ရာ နှစ်ပွဲလုံး ခုံနေရာ မလောက်အောင် ပရိတ်သတ်များပြား အောင်မြင်ခဲ့သည်။
ထို့နောက် ယနေ့ ညနေတွင် ရွှေတိဂုံဘုရားသို့ သွားရောက်ကြည်ညိုခဲ့ပြီး တရားထိုင် မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်ပြီး စေတီတော်ကြီးအတွက် ထာဝရ ဘက်စုံ လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။
ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာ သည် တစ်ကမ္ဘာလုံးကလေးစားရသော ဘာသာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်၊ အိန္ဒိယနိုင်ငံ၏ ဒုတိယ အမြင့်ဆုံး နိုင်ငံသားဆု ‘Padma Vibhushan’ ပါ့ဒ်မာ ဗီဗူရှန် ချီးမြှင့်ခြင်းခံထားရသူဖြစ်သလို ကမ္ဘာတစ်ဝန်းကလည်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (၂၇)ခုကို အပ်နှင်းခြင်း ခံထားရသူဖြစ်သည်။
