စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ တောင်သူများနွေစပါးစိုက်ပျိုးရန် ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ဆည်ရေလွှတ်ပေးသွားမည်ဟု မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံမှတစ်ဆင့် ကင်းတပ်လက်ဝဲတူးမြောင်း (OMC)မှ နွေစပါးစိုက်ဧက(၂၄၅၀၀)ဧက၊ လင်ပန်းရေလှောင်တမံမှ နွေစပါးစိုက်ဧက(၁၅၀)ဧက (စုစုပေါင်း နွေစပါးစိုက်ဧက ၂၄၆၅၀ ဧက)အတွက် စိုက်ပျိုးရေးရရှိရန် ဆည်ရေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆည်ရေလွှတ်ပေးချိန်တွင် စိုက်ပျိုးရေအပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြောင်းအလိုက်ရေပေးဝေရေးလုပ်ငန်းများကို စနစ်တကျစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေးအဖွဲ့များ ဖွဲ့စည်း၍ ရေလိုအပ်သည့်မြောင်းလက်တံများ၌ ရေလှည့်စနစ်များပြုလုပ်ကာ ရေပေးဝေခြင်းများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိဒေသ ခံတောင်သူများ ရာသီအလိုက်သီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးရေဖူလုံစေရန် ရေလှောင်တမံများမှ စိုက်ပျိုးရေများကို ရေပေးမြောင်းများမှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက်စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။
