ပေါ်၍ ပြူ၍ လာချေပြီ

ပေါ်၍ ပြူ၍ လာချေပြီ
June 27, 2017 Asian Fame
ပေါ်၍ ပြူ၍ လာချေပြီ

Sayar Heain

နှစ်နှစ်ဆယ်ကျော်ကြာ လုပ်သက်ခွင့်ပင်မယူဘဲ တီတွင်လုပ်ဆောင်သည်။ ရိုးသား ကြိုးစားသည်။ အထက်လူကြီးတွေ သဘောကျ၏။ အောက်လက်ငယ် သားများ၏ ချစ်ခင်လေးစားမှုခံရ သည်။ လုပ်ငန်းခွင်တွင် ပျော်အောင် နေသည်။ သို့သော် အငယ်တန်းအရာ ရှိ အဆင့်မှ တစ်ခါမှ ရာထူးမတက်ခဲ့။ တစ်နှစ်တည်း အတူတူ ဘွဲ့ရခဲ့သူတွေ တက္ကသိုလ်အသီးသီးမှာ ပါမောက္ခ ဖြစ်သူဖြစ်ကြ၊ ဌာနဆိုင်ရာတွေမှာ ညွှန်ကြားရေးမှူးတို့၊ ဒုတိယညွှန် ကြားရေးမှူးချုပ်တို့ဖြစ်ကြ။ တပ်ထဲဝင်သူတွေကျတော့ အနည်းဆုံး ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေ။

ရာထူးတိုးမြှင့်ရေး စာမေးပွဲတွေ အကြိမ်ကြိမ်ဖြေရသည်။ ရေးဖြေရော၊ နှုတ်ဖြေပါအောင်သည်။ သို့သော် ရာထူးတိုးစာရင်းကျတော့ တစ်ခါမှ မပါ။ ငါဘာတွေ အားနည်းနေသလဲ။ ဘာတွေ ပြုပြင်ဖို့လိုနေသလဲ။ မိမိ ဘာသာ မိမိဝေဖန်ရေး လုပ်ကြည့်၏။ ဆန်းစစ်သုံးသပ်ကြည့်၏။ နောက် ဆုံးကျမှ တရားခံစစ်စစ်ကို တွေ့ရ သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီမဝင်လို့။ လမ်းစဉ်ပါတီကို မကြိုက်။ သို့သော် အစိုးရဝန်ထမ်း တိုင်း ပါတီဝင်ဖြစ်ရမည်ဆို၍ ပါတီ ဝင်ရန် လျှောက်လွှာတင်ကြည့်သည်။ သို့သော် ပါတီကလက်မခံ။ ရပ်ကွက်တိုင်းတွင် ပါတီစိတ် မှူးတွေရှိသည်။ သူတို့ကတစ်ဆင့် ပါတီဝင် လျှောက်လွှာတင်ရသည်။ အရန်ပါတီဝင်နှစ်ဦးက ထောက်ခံရ ၏။ သို့မှသာ အဆင့်ဆင့် တက်သွား ပြီး ပါတီမိတ်ဆွေ၊ အရန်ပါတီဝင် စ သဖြင့် ဖြစ်၏။ ကျွန်တော့်ကို အရန်ပါတီဝင် နှစ်ဦးက မထောက်ခံရဲ၍ မထောက် ခံ။ ပါတီစိတ်မှူးကလည်း တာဝန်မယူ။ ထို့ကြောင့် ပါတီဝင် လျှောက် လွှာကို အထက်သို့ဆက် မတင်ကြ။ သို့ဖြစ်၍ ကျွန်တောာ်က ပါတီဝင်ဖြစ် မလာ။ ဘာကြောင့်လဲ။

၁၉၇ဝ ပြည့်နှစ်တွင် ကျွန်တော် သိပ္ပံဘွဲ့ရ၏။ ထို့နောက် မြန်မာပြည် တွင် ပထမဆုံး ဖွင့်သော ဘွဲ့လွန် စာ ကြည့်တိုက် ပညာတန်းဆက်တက် ၏။ တစ်နှစ်ခွဲကြာတော့ ရေးဖြေ အောင်၏။ ကျမ်းပြုစုတော့ “ဆရာ ဒဂုန်တာရာ၏ စာစုစာရင်း” ကို ပြုစု ၏။ ပါမောက္ခက ကျမ်းကိုဖတ်ပြီး အတည်ပြု၏။ အောင်စာရင်း ထွက်ဖို့ စောင့်နေစဉ် ကျွန်တော့်ကို တပ်မ တော်ထောက်လှမ်းရေးက စစ်ဆေး စရာရှိသည်ဟုဆိုကာ အိမ်မှလာခေါ် သွားရာ ရုံးမတင်၊ တရားမစွဲဘဲ အင်း စိန်ထောင်တန်းရောက်သွား၏။ ရန် ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ကျွန်တော်၊ ဆေးတက္ကသိုလ်မှ မြင့်စိုး၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်မှ မျိုး မြင့်၊ ရေးကြောင်းသိပ္ပံမှ ထွန်း အောင်၊ ပညာရေး တက္ကသိုလ်မှ စံ မြင့်၊ ဘူမိဗေဒဌာနမှ သရုပ်ပြ ဆရာ ဦးသန်းနိုင်၊ မြေအောက်ပါတီတစ်ခု မှ ကျောင်းသား ကိုယ်စားလှယ် သိန်း အောင် စသူတို့။ ထောက်လှမ်းရေး (၁) စခန်းတွင် တစ်လ စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ခဲ့သည်။ သင်္ကြန်တစ်ခု၏ အကြိုနေ့တွင် ပုဒ်မ ငါး အကျဉ်းသား ၅ဝဝ လွှတ် သည်ဆိုကာ (ရေထဲမှာ မနေသော ငါး(ပုဒ်မ ၅) ငါးရာလွှတ်ပြီး ယတြာ ချေသည်ဟုလည်း ဆိုကြ၏။) ကျွန် တော်တို့ ပြန်လွတ်လာကြ၏။ လွတ် ပြီးနောက် ကျွန်တော်တို့ကို ထောက် လှမ်းရေးမှ တာဝန်ရှိသူက ခေါ်ပြော သည်။

” မင်းတို့ကို တိုင်းပြည်လုံခြုံရေး အတွက် တားဆီးတဲ့ အနေနဲ့ငါတို့ ထိန်းသိမ်းခဲ့တယ်။ ရုံးမတင်ဘူး။ တရားမစွဲဘူး။ ဒါကြောင့် မင်းတို့မှာ ပြစ်မှုပြစ်ဒဏ်မရှိဘူး။ ဒါကြောင့် တောခိုချင်တဲ့ကောင်ရှိရင်ပြော။ တောစပ်ကို ငါတို့ကိုယ်တိုင် လိုက်ပို့ ပေးမယ်။ ကျောင်းတက်ချင်လည်း ဆက်တက်ကြ။ တက္ကသိုလ်တွေမှာ ပြန်လက်ခံအောင် ငါတို့ စာရေးပေးမယ်။ သူတို့ဆီက ထောက်ခံစာယူပြီး တက္ကသိုလ်က မော်ကွန်းထိန်းဌာနသို့ သွားပြ၏။ အောင်စာရင်းထွက်ပြီး တာကြာပြီ။ ကျွန်တော့်ကို နောက် ဆက်တွဲအနေနဲ့ အောင်စာရင်း ထုတ်ပေး၏။ အောင်စာရင်းမှာ ကျွန်တော့်နာမည်တစ်ခုတည်း။ အောက်က မော်ကွန်းထိန်းလက်မှတ်။ တက္ကသိုလ်ကောလိပ်စာကြည့် တိုက်မှူး၊ ရာထူးတွေခေါ်တော့ သွား လျှောက်၏။ ရေးဖြေ ကောင်းကောင်း ဖြေနိုင်၏။ ရာထူးဝန်အဖွဲ့က နှုတ် မေးထပ်စစ်၏။ မေးသမျှတွေ ဖြေ လိုက်တာ ချောလို့။

” မင်းက တော်သားပဲကွ။ ဒါနဲ့ စာကြည့်တိုက် ပညာစာမေးပွဲမှာ အဆင့်ဘယ်လောက်နဲ့ အောင်ခဲ့တာလဲ” ရာထူးဝန်အဖွဲ့ဝင် လူကြီးတစ်ဦးက မေး၏။ ကျွန်တော်ချက်ချင်း မဖြေနိုင်။ နောက်ကျမှ ကျွန်တော့် အောင်စာရင်းကို ထုတ်ပြလိုက်ရ၏။ “အဆင့်ရယ်လို့မရှိပါဘူး။ ကျွန်တော်က တစ်ယောက်တည်း အောင်စာရင်းထွက်တာပါ” ရာထူးဝန် အဖွဲ့ဝင်လူကြီးတွေ တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်နေကြ၏။ ကျွန်တော် က အထိန်းအသိမ်းခံရပုံကို မပြော မဖြစ် ပြောလိုက်ရ၏။ “မင်းမသွားချင်ဆုံး တက္ကသိုလ် ပြောကွာ” ထိုစဉ် လမ်းပန်းဆက်သွယ်ရေး မကောင်းသော လူသူမနီး ခပ်ထီးထီး ဖြစ်နေသော ပျဉ်းမနားရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကို မသွားချင် ကြောင်း ပြောလိုက်၏။ မကြာခင် ရာထူးတွေခန့်စာ ထွက်လာ၏။ ကျွန်တော်မသွားချင်ဆုံးပါဟု ပြောသော “ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်” တွင်သာ တာဝန်ကျ၏။

ရာထူးတိုး စာမေးပွဲများတွင် ရေးဖြေအမှတ်နှင့် ပေါင်းထည့်ပေးသော အမှတ်က “ပါတီအမှတ်” ဖြစ်၏။ ပါတီခွဲမှူး၊ ပါတီစိတ်မှူး၊ ပါတီကေဒါ တာဝန်ထမ်းဆောင်နေ သူများက အမှတ် ၁၅ မှတ်အပိုရ၏။ တင်းပြည့် ပါတီဝင်ကို ၁ဝ မှတ်၊ အရန်ပါတီဝင် ၅ မှတ် စသဖြင့် ဌာန ဆိုင်ရာတွေက သူ့ဌာနနှင့်သူ သတ် မှတ်ပြီးအမှတ်ပေးကြ၏။ကျွန်တော့်ကိုတော့ ကျောင်းသားကိစ္စနှင့် အထိန်းအသိမ်းခံထားရသူဟု ရပ်ကွက်က သိနေတော့ ပါတီဝင်ဖြစ်ရန် မထောက်ခံချင်ကြ။ မထောက်ခံရဲကြ။ သို့ဖြင့် ကျွန်တော် က ပါတီဝင်မဖြစ်ခဲ့ရာ မည့်သည် အမှတ်ပိုမှ မရဘဲ ရာထူးမတက်ဖြစ်ခဲ့ရ၏။

သို့သော် ကျွန်တော်လုပ်ရသည့် အလုပ်က ကျွန်တော့်အတွက် အကျိုးကျေးဇူးရှိပါသည်။ ၂၆ နှစ်လုံးလုံး စာကြည့်တိုက် အသီးသီးတွင် ကျင်လည်ခဲ့ရသည်မို့ စာပေပညာရှင်များ နှင့် တွေ့ဆုံရင်းနှီးခွင့်ရခဲ့၏။ ကျွန် တော် ၁၅ နှစ်ကျော်ကြာ ကျင်လည်ခဲ့ သော ပညာရေးတက္ကသိုလ်ပရဝဏ်သို့ မရောက်ဖူးသော စာရေးဆရာဟူ၍ မရှိသလောက်။ ဆရာ ဗန်းမော် တင် အောင်၊ ဆရာ ဒဂုန်တာရာ၊ ဆရာမြ သန်းတင့်၊ ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ ဆရာမကြီး ဒေါ်ခင်နှင်းယု၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ မိုးမိုး (အင်းလျား)၊ ဆရာတင်မိုး၊ ဆရာ မောင်သာရတို့မှအစ ရန်ကုန် မန္တလေး စာရေးဆရာ အများစုနှင့် စကားဝိုင်းဖွဲ့ခွင့်ရခဲ့၏။ စာပေ အတွေ့အကြုံများ ဆည်းပူးခွင့် ရခဲ့သည်။ ထို့နောက် စာအုပ်တွေအ များကြီး အေးအေးဆေးဆေး ဖတ် ခွင့်ကြုံခဲ့သည်။ ထို့ကြောင့် ကျွန် တော်စာတွေ ဖိရေးဖြစ်သည်။ ဆောင်းပါးတွေ အတော်များများ မဂ္ဂဇင်းဂျာနယ်အစုံမှာ ရေးဖြစ်၏။ လုံးချင်း စာအုပ်ဘာသာပြန် တွေ များများ ထုတ်နိုင်ခဲ့သည်။ ရှေ့ဆက် လုပ်နေလည်း ရာထူး တိုးတက်စရာမရှိသော အစိုးရဝန် ထမ်းအလုပ်ကို လုပ်သက် ၂၆ နှစ် တွင် ကျွန်တော်အပြီးအပိုင် စွန့်လွှတ် ခဲ့၏။ ရာထူးမှ မည်သည့် အကျိုးခံ စားခွင့်မှ မယူပါဟု အာမခံချက်ရေး ထိုးပြီး နှစ်နှစ်ကြာမှ ရာထူးမှ ထွက် ခွင့်ရခဲ့သည်။ နောက်ထပ် ၄ နှစ် ဆက်လုပ်လျှင် အငြိမ်းစား လစာ ရမည်။ သို့သော်ဆက်ပြီး မနေချင် တော့။ ထို့ကြောင့် ကျွန်တော်က “အငြိမ်းစား” မဟုတ်။ “အငြိမ်းမစား’ မည်သည့် ပင်စင်လစာမှ မရဘဲ တုံး တိတိထွက်ခဲ့၏။ အစိုးရအလုပ်မှ ထွက်ပြီး အင်္ဂလိပ်စာကျူရှင်ပေး၊ အားရင် စာရေးနေသော ကျွန်တော့်ကို ဆရာမြသန်းစံက လာဆက်သွယ်သည်။

” ဂျာနယ်သစ်တစ်စောင်လုပ်ရအောင်။ ဆရာရယ် ကျွန်တော်ရယ်၊ နောက်ပြီး ဆရာအောင်ပြည့်လည်းပါမယ်။ ဘယ်နှယ့်လဲ။ လုပ်မလား ” စဉ်းစားနေစရာမလို။ ချက်ချင်း ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ် လိုက်သည်။ ၁၉၉၇ ခုနှစ်၊ ထိုစဉ် ပုဂ္ဂလိက ဂျာနယ်ဟူ၍ နှစ်စောင်သာ ရှိသေး၏။ ဆရာဒေါက်တာ တင်ထွန်းဦး၏ “ပြည်မြန်မာဂျာနယ်’ နှင့် ဆရာ မြတ်ခိုင်၏ “လျှပ်တစ်ပြက်ဂျာနယ်” ။ တကယ်တော့ ပုဂ္ဂလိက စစ်စစ်ဟုလည်း မခေါ်နိုင်သော ဂျာနယ်များ ဖြစ်သည်။ “ပြည်မြန်မာ” က သတင်း နှင့် စာနယ်ဇင်း၏ သက်သာရန်ပုံငွေ ဖြစ်ပြီး “လျှပ်တစ်ပြက်’ က ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး(ဆရာ တင်သန်းဦး) တို့၏ မှတ်ပုံတင်ဖြင့် ထုတ်ဝေခြင်းဖြစ်သည်။

ကျွန်တော်က ဆရာမကြီး ဂျာနယ်ကျော်မမလေး၏။ “သူလိုလူ” ကို ဖတ်ပြီးကတည်းက ဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်ကို စံပြပုဂ္ဂိုလ်အနေနှင့် အားကျနေသူ။ ဆရာ ဦးဝင်းတင်၏ “ကွိ” ကို ဖတ်ပြီး သတင်းစာ ဆရာဖြစ်ချင်နေသူ။ ကျွန်တော်ဘွဲ့ရပြီးနောက်ပိုင်းတွင် ပုဂ္ဂလိက သတင်းစာမရှိတော့။ လုပ် သားပြည်သူ့နေ့စဉ်နှင့် ကြေးမုံမှာက လည်း အယ်ဒီတာ ရာထူးမခေါ်တာ ကြာပြီ။ ထို့ကြောင့် သတင်းစာသမား၊ ဂျာနယ်လစ် ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ဟု စိတ်အား ငယ်နေတုန်း၊ ဆရာမြသန်းစံ၏ လက်ကမ်းမှုကို မလွတ်တမ်း ဆုပ်ကိုင်လိုက်ရခြင်းဖြစ်သည်။

၁၉၉၇ ခုနှစ် မေလလယ် ရက် တစ်ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံ တားမြို့နယ်၊ ၃၆ လမ်း(အလယ် ဘလောက်) အခန်းအမှတ်…တွင် ကျွန်တော်တို့ တွေ့ဆုံကြသည်။ ဆရာ အောင်ပြည့်၊ ဆရာ မြသန်းစံ၊ သူတို့နှစ်ဦးနှင့်က နဂိုကတည်းက ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ပုဂ္ဂိုလ်တွေ၊ ထုတ်ဝေသူဘက်က အသက်နှစ်ဆယ်ကျော်ပတ်ဝန်းကျင် အသားဖြူဖြူ အမျိုးသမီးငယ် နှစ်ဦး။ နန်းကလျာဝင်းနှင့် နန်းရွှေဝါဝင်း။ ဂျာနယ်ထုတ်ဝေခွင့် လက်မှတ်ပိုင်ရှင်က နန်းရွှေဝါဝင်း၊ သူက ဘာ စကားမှဝင်မပြော။ ကျွန်တော်တို့ တတွေက အာပေါင်အာရင်းသန်သန် ပြောသမျှတွေကို ပြုံးပြုံးလေး နားထောင်နေသည်။ နန်းကလျာဝင်းကတော့ ပိုထက်မြက်ပုံရ၏။ ပိုပြီး သွက်သည်။ စာနယ်ဇင်းအတွေ့အကြုံရှိဟန်မတူသော်လည်း သူပုံ ဖော်ချင်သည့် လမ်းကြောင်းကို ပါးပါးနပ်နပ်နှင့် ရေပက်မဝင်ပြော နေသည်။ စာရေးဆရာအနေနှင့် ထင်ရှားရုံမျှမက “ချယ်ရီ” မဂ္ဂဇင်း၊ ‘ရာစု” ဂျာနယ်တို့ကို အောင်မြင်စွာ ပဲ့ကိုင်ခဲ့သူ ဆရာအောင်ပြည့်က တော့ ကွမ်းတမြုံ့မြုံ့ ဝါးရင်းနှင့် နန်းကလျာဝင်းပြောသမျှ နားစိုက်ထောင်နေ၏။ ဆရာမြသန်းစံက သူ၏ ပူပူနွေးနွေး “လျှပ်တစ်ပြက်” ဂျာနယ် အတွေ့အကြုံတွေကို ချပြသည်။ “အယ်ဒီတာ”လုပ်ငန်းကို လုပ်ချင် စိတ်သာစောနေပြီး စာတွေ့ကလွဲ၍ ဘာတွေ့မှမရှိဖူးသူ ကျွန်တော်က တော့ ဟိုလူပြောတာ နားထောင်လိုက်၊ ဒီလူမျက်နှာကြည့် လိုက်နှင့် စကားဝိုင်းမှာ တေမိသက်သက်။မည်သို့ဆိုစေ ထိုနေ့စကားဝိုင်း က ဆုံးဖြတ်ချက်တစ်ခုကိုကား ပိုင်ပိုင်နိုင်နိုင် ချလိုက်မိခဲ့ကြ၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လအတွင်းမှာ ဂျာနယ်ထုတ်ဖြစ်အောင် ထုတ်မည်။ ဂျာနယ်နာမည်က “ပေါ်ပြူလာ” ။

ဟိန်းလတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*