ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေသည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာ ကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းနှင့် ကိုးသိန်းအားကစားကွင်းအတွင်း ဖူဆယ်ဘောလုံးကွင်း ဆောက်လုပ်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းသို့ သွားရောက်၍ စိုက်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် သီးပင်စားပင်များအား ပိုးမွှားများကျရောက်မှုမရှိစေရေးဆောင်ရွက်ရန်၊ သီးပင်စားပင်များ အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေး လုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေး ပြသနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်း အတွင်းတွင် ဖူဆယ်အားကစားရုံ (၁၅၀ ပေ × ၁၁၀ ပေ) အဆောက်အဦး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
