ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရက်တီးယက်ဗ် (Nikita Kondratyev) က စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ရဲ့ ခေတ္တနားချိန်မှာ TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“မလေးရှားနဲ့ အင်ဒိုနီးရှားကတော့ ဒီနှစ်အတွက် အဓိက ဦးစားပေးတွေပါ။ ကူဝိတ်နိုင်ငံကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီနိုင်ငံသုံးနိုင်ငံကတော့ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုအပိုင်းတွေကို အပြီးသတ်ချင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်” လို့ ကွန်ဒရက်တီးယက်ဗ်က အင်တာဗျူးတစ်ခုမှာ ပြောသွားတာပါ။
ဒါ့အပြင် သက်ဆိုင်ရာ သဘောတူညီချက်တွေကို အချောသတ်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းစဉ်တွေကို ပိုပြီးအရှိန်မြှင့်လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဌာနအကြီးအကဲက ဖြည့်စွက်ပြောခဲ့ပါတယ်။
SPIEF ဖိုရမ်ကို “လက်တွေ့ကျသော ဆွေးနွေးညှိနှိုင်းမှု- တည်ငြိမ်သောအနာဂတ်ဆီသို့ ဦးတည်ရာလမ်း” ဆိုတဲ့ အဓိကခေါင်းစဉ်အောက်မှာ ဇွန်လ ၃ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တာပါ။ ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ SPIEF ကျင်းပရေးကော်မတီရဲ့ အမှုဆောင်အတွင်းရေးမှူးလည်းဖြစ်တဲ့ အန်တွန် ကိုဗျာကော့ဗ် (Anton Kobyakov) ရဲ့ ပြောပြချက်အရ ဒီပွဲကို နိုင်ငံပေါင်း ၁၄၂ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း ရူဘယ်လ် ၆.၆၄၂ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၉၀.၄ ဘီလီယံဝန်းကျင်) တန်ဖိုးရှိတဲ့ သဘောတူညီချက်ပေါင်း ၁,၀၀၀ ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဖိုရမ်ကို Roscongress ဖောင်ဒေးရှင်းက စီစဉ်ကျင်းပတာဖြစ်ပြီး TASS သတင်းဌာနကတော့ အဓိက သတင်းပြန်ကြားရေးမိတ်ဖက်အဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
