၂၀၂၆ ခုနှစ်ဟာ ဒီမိုကရေစီပန်းတိုင်ကိုအရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်း
၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး မိတ်ဆွေနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သလို၊ ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပဈေးကွက်ရရှိစေဖို့နဲ့ ပြည်တွင်းမှာ အဓိကလိုအပ်နေတဲ့နေရာတွေမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာစေဖို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကပြောသည်။
၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား တွင် ယာယီသမ္မတ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုပြင် ၂၀၂၆ ခုနှစ်မှာ နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေကိုအခြေခံကာ အချင်းချင်းစည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုများနဲ့ အောင်မြင်အောင် ကျော်လွှားသွားကြရမယ် လို့လည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်ဟာ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးရဲ့ အောင်ပွဲဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကိုအရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကပြောသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပနေတာဖြစ်တဲ့အတွက် ကျန်ရှိတဲ့မြို့နယ်တွေက မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့လည်း လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
