ဧရာဝတီတိုင်းဒေသကြီးအတွက် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး အခမဲ့ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များအတွက် WFP က ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို အခမဲ့ ကူညီပံ့ပိုးပေးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။
တန် ၂၅ မှ ၃၀ အထိ တင်နိုင်သည့် ကုန်တင်လှေကြီး၊ ၈ တန်ဆံ့ ၆ ဘီးကား (ရေကြည်-ငါးသိုင်းချောင်း လမ်းကြောင်းအတွက်) နှင့် ရွာများသို့ အရောက်ပို့ဆောင်ပေးနိုင်မည့် စက်လှေငယ်များ ကူညီမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ လေးမျက်နှာ၊ ရေကြည် နှင့် ငါးသိုင်းချောင်း မြို့နယ်တို့တွင် အဓိကထားဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ချက်နှင့် သွားလာနိုင်မှု အခြေအနေများ အပေါ်မူတည်ပြီး တခြားနေရာများကိုလည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျဖြင့် ဘေးကင်းကင်း စုစည်းပို့ဆောင်နိုင်ရန်အတွက် သယ်ယူမည့် ပစ္စည်းအချက်အလက်များကို WFP ထံ အနည်းဆုံး ၂၄ နာရီမှ ၄၈ နာရီ ကြိုတင် အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။
