ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာတွင် နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပါ အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၂၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦး ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ပုသိမ်မြို့နယ် ရှောပြာကျေးရွာအတွင်းရှိ ဒေသခံများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံများ၊ နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပါ အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါလုပ်ငန်းစဉ်များ ရှင်းလင်းချပြဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံပွဲတွင် ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များမှ မိမိတို့နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းချပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံရပ်မိရပ်ဖများမှလည်း ဒေသအတွက် လိုအပ်လျက်ရှိသော အခက်အခဲလုပ်ငန်းများအား ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
