“သူတို့တွေ မြန်မြန်ဆန်ဆန် လှုပ်ရှားရုန်းထွက်ကြတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် သူတို့ဆီမှာ ဘာမှ ကျန်တော့မှာမဟုတ်ဘူး” ဟု ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ “အချိန်က အဓိကပဲ”ဟုလည်း ဆိုထားသည်။
အဆိုပါသတင်းစကားသည် တနင်္ဂနွေနေ့တွင် သမ္မတထရန့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် စကားပြောဆိုရန် ရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပဋိပက္ခကို အဆုံးသတ်ရန် အီရန်၏ နောက်ဆုံးအဆိုပြုချက်များအပေါ် အမေရိကန်၏ တုံ့ပြန်မှုတွင် ခိုင်မာသော အလျော့ပေးလိုက်လျောမှုတစ်စုံတစ်ရာ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဝါရှင်တန်ဘက်မှ လိုက်လျောမှုမရှိခြင်းသည် “ဆွေးနွေးပွဲများကို အကျပ်အတည်းဆိုက်စေလိမ့်မည်” ဟု အီရန်အစိုးရတစ်ပိုင်းပိုင် Mehr သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထရန့်၏ သတင်းစကားသည် ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး မကြေညာမီ မကြာမီက အီရန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ကို မလိုက်နာပါက “လူမျိုးတုန်းကာ ယဉ်ကျေးမှုတစ်ခုလုံး” ပျက်စီးသွားလိမ့်မည်ဟူသော ၎င်း၏ ခြိမ်းခြောက်မှုကို ထင်ဟပ်နေခြင်းဖြစ်သည်။
ထရန့်သည် အီရန်၏ တောင်းဆိုချက်များကို “လုံးဝ လက်ခံနိုင်စရာမရှိ” ဟု တံဆိပ်ကပ်ကာ ပယ်ချခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးသည် “အသက်ရှူစက် အကြီးအကျယ် တပ်ထားရသည့် အခြေအနေ” တွင် ရှိနေကြောင်း ယခုသီတင်းပတ်အစောပိုင်းက သတိပေးခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီကမူ ၎င်းတို့၏ တောင်းဆိုချက်များသည် “တာဝန်သိမှုရှိပြီး” “ရက်ရောမှုရှိသည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
အီရန်၏ အစိုးရတစ်ပိုင်းပိုင် Tasnim သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ၎င်းတို့တွင် လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေး၏ ဆက်လက်တိုက်ခိုက်မှုများကို ရည်ညွှန်းလျက် စစ်မျက်နှာအားလုံးတွင် စစ်ပွဲကို ချက်ချင်းအဆုံးသတ်ရန်၊ အီရန်ဆိပ်ကမ်းများကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားမှုကို ရပ်တန့်ရန်နှင့် အီရန်အပေါ် ထပ်မံတိုက်ခိုက်မှုများ မလုပ်ရန် အာမခံချက်များ ပါဝင်သည်။
ထို့အပြင် စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် တောင်းဆိုချက်နှင့် ဟော်မုဇ် ရေလက်ကြား အပေါ် အီရန်၏ အချုပ်အခြာအာဏာကို အလေးထားဖော်ပြချက်တို့လည်း ပါဝင်သည်ဟု ဆိုသည်။
အီရန်၏ အစိုးရတစ်ပိုင်းပိုင် Fars သတင်းအေဂျင်စီက တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ ဝါရှင်တန်သည် တဟီရန်၏ အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် ကန့်သတ်ချက် (၅) ချက် ချမှတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
၄င်းတို့တွင် အီရန်အနေဖြင့် နျူကလီးယားစက်ရုံ တစ်ခုတည်းကိုသာ ဆက်လက်လည်ပတ်ရန်နှင့် ၎င်း၏ သန့်စင်မှုမြင့်မားသော ယူရေနီယံ သိုလှောင်မှုများကို အမေရိကန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုချက် ပါဝင်သည်ဟု ဆိုသည်။
နိုင်ငံနှစ်ခုကြား အဓိက သဘောထားကွဲလွဲနေသည့် အချက်တစ်ခုဖြစ်သော အီရန်၏ နျူကလီးယားအစီအစဉ်ကို အနှစ် ၂၀ ရပ်ဆိုင်းထားမည်ဆိုပါက သူ့အနေဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း ထရန့်က သောကြာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့ပြီး၊ ယင်းမှာ ၎င်းအစီအစဉ်ကို လုံးဝအဆုံးသတ်ရန် တောင်းဆိုချက်မှ ရပ်တည်ချက် ပြောင်းလဲသွားခြင်းကို အတည်ပြုလိုက်ပုံရသည်။
အစ္စရေးနှင့် အမေရိကန် တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဆွေးနွေးပွဲများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေးကိုမူ ရံဖန်ရံခါ ပစ်ခတ်မှုများ ရှိနေလင့်ကစား အများအားဖြင့် လိုက်နာစောင့်ထိန်းနေကြသည်။
အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသယ်ယူပို့ဆောင်နေသည့် အရေးပါသော ရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး ထိရောက်စွာ ပိတ်ဆို့ထားဆဲဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်ကလဲ့စားချေခြင်းဖြစ်ကြောင်း အီရန်က ပြောကြားထားသည့် ယခုလုပ်ရပ်ကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ အကြီးအကျယ် မြင့်တက်သွားခဲ့သည်။
အမေရိကန်ဘက်ကမူ တဟီရန်အနေဖြင့် ၎င်းတို့၏ စည်းကမ်းချက်များကို သဘောတူလာစေရန် ဖိအားပေးသည့်အနေဖြင့် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့အရေးယူထားသည်။
ပါကစ္စတန်သည် အမေရိကန်နှင့် အီရန်အကြား စိစပ်ညှိနှိုင်းပေးသူအဖြစ် ပါဝင်ဆောင်ရွက်နေသော်လည်း နှစ်ဖက်စလုံးမှာမူ သဘောထားချင်း အလှမ်းဝေးကွာနေဆဲ ဖြစ်ပုံရသည်။
