မော်စကို၊ဧပြီ ၁၉
ရုရှားသမ္မတဗလာဒီမာပူတင်သည် အီစတာပွဲတော်အထိမ်းအမှတ်အနေဖြင့် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲမည်ဟု သတင်း ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
သို့သော် ယူကရိန်းသမ္မတဇယ်လန်းစကီးကမူ ပူတင်၏အပစ်အခတ်ရပ်စဲရေးသည် တစ်ဖက်သတ်သာဖြစ်ပြီး စစ်ဆင်ရေးကိုအရှိန်မြှင့်လိုခြင်းဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုကဆက်ရှိနေသဖြင့် အပစ်အခတ်ရပ်မည်မဟုတ်ကြောင်းတုန့်ပြန်ပြောကြားခဲ့သည်။
“အပစ်အခတ်ရပ်မယ်သာပြောတာပါ ယူကရိန်းမှာလေကြောင်းတိုက်ခိုက်မှုအချက်ပေးသံကညံနေပြီး တကယ်တော့ ဒီအပစ်ရပ်မှုက ပူတင်ရဲ့ လူ့အသက်တွေနဲ့ကစားပွဲတစ်ခုပါပဲ၊အပစ်ရပ်မယ်ပြောပြီး လေကြောင်းတိုက်ခိုက်မှုလုပ်နေတာက အီစတာနဲ့လူတွေအပေါ်ထားတဲ့သူ့ရဲ့သဘောထားအမှန်ပါ” ဟုလည်း ဇယ်လန်းစကီးကဆိုသည်။
ရုရှားသမ္မတပူတင်ကမူ ယခုပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးသည် အီစတာကာလအတွင်း မော်စကို၏ လူသားဆန်မှုကိုပြသလိုခြင်းဖြစ်ရာ အပစ်အခတ်ရပ်ရန် စစ်ဦးစီး အရာရှိချုပ်ကို ပူတင်ကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရုရှား၏အစီအစဉ်ကို ယူကရိန်းဘက်ကလိုက်နာမည်ဟုယုံကြည်ကြောင်း သမ္မတပူတင်ကပြောကြားခဲ့ပြီး အပစ်အခတ်ရပ်ထားသည့်ကာလအတွင်း ယူကရိန်းဘက်ကတစ်စုံတစ်ရာချိုးဖောက်ခဲ့ပါက တုန့်ပြန်ဖို့တပ်ဖွဲ့များအဆင်သင့်ပြင်ထားရန်လည်းညွှန်ကြားထားသည်ဟုသိရသည်။
Source : အယ်လ်ဂျာဇီးရာ