အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေလီတက္ကသိုလ်၊ ဂေါတမဗုဒ္ဓတက္ကသိုလ်နှင့် သုဘာတီတက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၆၃) ပါးအား ရည်စူးဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှူဒါန်းရာတွင် နေ့ဆွမ်းအပြင် ဗုဒ္ဓရုပ်ပွားတော်၊ သင်္ကန်းပရိက္ခရာများ၊ နဝကမ္မဝတ္ထုအလှူတော်ငွေများနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းအစုစုတို့ကိုပါ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ မိသားစုကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီးအပါအဝင် မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဒေလီတက္ကသိုလ်၌ ပညာသင်ကြားနေသည့် သာသနဓဇဓမ္မာစရိယ ဆရာတော် အရှင်ပညိန္ဒထံမှ အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုသည် ပြည်ပနိုင်ငံများတွင် သာသနာရေးနှင့် ပညာရေးဆိုင်ရာ လေ့လာသင်ယူနေကြသည့် မြန်မာသံဃာတော်များနှင့် သီလရှင်များအား အားပေးထောက်ပံ့ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
