ဖေဖော်ဝါရီ ၁၈ ရက်
မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတု က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ကြောင်း သိရသည်။
“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံနဲ့ ပြန်လည်ချိတ်ဆက်ပေးမယ့် ပေါင်းကူးတံတားတစ်စင်း ဖြစ်ချင်ပါတယ်” ဟု ဆီဟာဆက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် ပြည်တွင်းစစ်ဒဏ် ခံရသော မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရန်အတွက် ကာလရှည်ကြာ ချမှတ်ထားသည့် အာဆီယံ၏ အစီအစဉ်ကို လိုက်နာဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
“ဆွေးနွေးညှိနှိုင်းမှုတွေ စတင်တာမျိုးက ကောင်းတဲ့အချက်ပါ၊ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကို ရှောင်ရှားဖို့ စတဲ့ အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ခြင်းအားဖြင့် မြန်မာဘက်ကလည်း ထိုင်းကို ပြန်ကူညီရပါမယ်” ဟု ဆီဟာဆက်က ပြောကြားခဲ့ပြီး ဤလုပ်ငန်းစဉ်တွင် “ထိုင်းနိုင်ငံအနေဖြင့် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်သွားမည်” ဟု ကတိပြုခဲ့သည်။
ဆီဟာဆက်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံတောင်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံတွေ့ဆုံမှုအပြီးတွင် ဦးသန်းဆွေက တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်းသိရသည်။
နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့သည် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာ အစိုးရခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများတက်ရောက်ခွင့် ကိုပိတ်ပင်ထားခဲ့ပေသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
