အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များနှင့် ပတ်သက်၍(၃၂၄)ကြိမ် မြောက် အာဆီယံကော်မတီ (တိုကျို) အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံကော်မတီ(တိုကျို)၏ (၃၂၄) ကြိမ်မြောက်အစည်းအဝေးကို ဖေဖော်ဝါရီ (၂၆) ရက်က အာဆီယံကော်မတီ (တိုကျို) ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး H.E. Dato’ Shahril Effendi Abd Ghany က ကြီးမှူး၍ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အဆိုပါအစည်းအဝေးနှင့် တစ်ဆက်စပ်တည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲဆိုင်ရာ ကော်မရှင်နာချုပ် H.E. Mr. Koji HANEDA က ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ကျင်းပမည့် အိုဆာကာ ကန်ဆိုင်းကမ္ဘာ့ကုန်စည် ပြပွဲပြင်ဆင်ပြီးစီးမှု အခြေအနေများအပေါ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မလေးရှားသံအမတ်ကြီးမှ အာဆီယံသံအမတ်ကြီးများနှင့် H.E. Mr. Koji HANEDA တို့ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံစဉ် အာဆီယံသံအမတ်ကြီးများနှင့် H.E. Mr. Koji HANEDA တို့သည် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာဆီယံကော်မတီ (တိုကျို)ကို တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး H.E. Dato’ Shahril Effendi Abd Ghany က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။
