ရန်ကုန်၊ ဧပြီ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးမွေးမြူသူများကို ငါးများကို အပူဒဏ်မှကာကွယ်ရန် အကြံပြုထားကြောင်း နိုင်ငံပိုင်နေ့စဉ်ထုတ် သည်ဂလိုဘယ်လ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာက ကြာသပတေးနေ့တွင် ရေးသားဖော်ပြထားသည်။
အငွေ့ပျံခြင်းနှင့် ရေပမာဏ လျော့ကျခြင်း တို့ကြောင့် ငါးကန်များ အတွက် အန္တရာယ်ရှိသည်ဟု သတင်း၌ ဖေါ်ပြထားသည်။
ထို့အပြင် မစားရသေးသော တိရစာန်အစာများ၊ မစင်များနှင့် ဇီဝဖြစ်စဉ်အညစ်အကြေးများသည် ရေကိုညစ်ညမ်းစေကာ ငါးများကို ပို၍ ရောဂါဖြစ်ေစနိုင်သည်။ ရေအရည်အသွေးကို ထိန်းသိမ်းရန်အတွက် ငါးမွေးမြူသူများကို ငါးများအား သင့်လျော်သောအစာနှင့် ဖြည့်စွက်စာများ ကျွေးမွေးရန် အကြံပြုထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ငါးမွေးကန်များတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှု တစုံတရာရှိပါက နီးစပ်ရာ ငါးဦးစီးဌာနသို့ ဆောလျင်စွာ သတင်းပို့သင့်ကြောင်း အဆိုပါဌာနက အကြံပြုထားကြောင်း သိရသည်။
ဧပြီလနှင့် မေလသည် မြန်မာနိုင်ငံတွင် အပူဆုံးလများဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ မြို့အများစုတွင် ကြာသပတေးနေ့က အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် စံချိန်တင် ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
Ref: ရှင်းဟွာ
