ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးအထက်ဘက်ရှိ ရွှေညောင်တွင် ရေကြီးမှုအနီရောင်အဆင့်ကြောင့် ဖယ်ခုံနှင့် မိုးဗြဲတွင်ရေကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
အင်းလေးအထက်ဘက်ရှိ ရွှေညောင်တွင် Flood Alert Level HIGH(အနီရောင်အဆင့်)တွင် ဩဂုတ်လ ၃၁ ရက် အထိဆက်ရှိနိုင်ပြီး အင်းလေးအောက်ဘက်ရှိ ဖယ်ခုံ/မိုးဗြဲ၌ HIGH LEVEL FLOOD ALERT သည် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ဆက်ရှိနေနိုင်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် အင်းလေးဒေသတွင် ရေအတက်ရှိနိုင်ပြီး ရေအကျနှေးနှေးဖြစ်နေဦးမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစပြီး အင်းလေးဒေသ အနီးတဝိုက်၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် စတင်ရေကြီးခဲ့ကြောင်း သိရသည်။
ယနေ့ဩဂုတ်လ ၁၇ ရက်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် အင်းလေးကန် ရေတက် မမြန်သော်လည်း တစ်ရက်လျှင် တစ်လက်မ ၊ နှစ်လက်မကျော် ရေတိုးနေသေးကြောင်း ၊ ယခင် ကလောက် ရေတက် မမြန်သော်လည်း ပုံမှန် ရေတက်နေမည်ဆိုပါက နေအိမ်များစွာ ရေနစ်မြုပ်နိုင်မည့် ဘေးကို ကြုံရနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
