အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့်ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် နိုဝင်ဘာ(၁)ရက်နေ့က ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြုထားသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Internet Service Provider (ISP)များ၏ အင်တာနက်ဝန်ဆောင်မှုများ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့်ချိတ်ဆက် အသုံးပြုထားသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက်ပြန်လည်ကောင်းမွန်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပြုပြင်မှုကို ဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်သဖြင့် အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။
