အခွန်စည်းကြပ်မှုများကို သုံးလကြာ ရပ်ဆိုင်းထားမည်ဟု အမေရိက,က ကြေညာထားသော်ငြားလည်း မလေးရှားနိုင်ငံသည် နိုင်ငံ့စီးပွားရေးကဏ္ဍအတွက်သာမက အာဆီယံဥက္ကဌနိုင်ငံဖြစ်သည့် အားလျော်စွာ အရှေ့တောင်အာရှဒေသအပေါ် အမေရိက၏ ထပ်တိုးအခွန်ကောက်မှုများ၏ သက်ရောက်မှုကို လျှော့ချနိုင်ရေးကို အလျင်အမြန် လုပ်ဆောင်နေသည်။
မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး တန်ကူးဇာဖရူးအဇစ် သည် ဧပြီလ ၂၂ ရက်ေန့တွင် စတင်မည့် သုံးရက်ကြာ ဝါရှင်တန်ခရီးစဉ်၌ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆန်ဂရီယာနှင့် ဆွေးနွေးမည်ဖြစ်သော်လည်း ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်နှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကိုမူ အတည်မပြုနိုင်သေးပေ။
ဝါရှင်တန်နှင့် စေ့စပ်ညှိနှိုင်းမှုသည် အချိန်ယူရမည့်ကိစ္စအဖြစ် အသိအမှတ်ပြုသော်လည်း ဇူလိုင်လနောက်ဆုံးသတ်မှတ်ရက်မတိုင်မီ မလေးရှားအပေါ် အခွန် ၂၄ ရာခိုင်နှုန်းကောက်ခံမှုအတွက် အမေရိက၏ ရပ်တည်ချက်ကို စောစီးစွာ နားလည်နိုင်ရန် သူ ကြိုးပမ်းမည်ဖြစ်သည်။
“အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကို ထိုးထွင်းသိမြင်ဖို့၊ သူ့ရဲ့ သက်ရောက်မှုတွေကို လျော့ပါးသက်သာစေရေး ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို ပိုမိုကောင်းမွန်အောင် စီစဉ်ဖို့နဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ဘယ်လိုအကောင်းဆုံး ရှေ့ဆက်မလဲဆိုတာ သိရဖို့က ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ဧပြီ ၁၈ ရက်က ဘန်ကောက်မှ ပြန်လာပြီးနောက် သည်စထရိတ်တိုင်းမ်စ်နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ဇာဖရူး က ပြောကြားခဲ့သည်။
“ကုန်သွယ်ခွန်တွေ လျှော့ချဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ရာ အပြီးသတ် သဘောတူညီချက်ရရေးဟာ ဒီလို ရက်တိုခရီးစဉ်တစ်ခုအတွင်းတော့ မဖြစ်နိုင်ပါဘူး” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
