အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ မေ ၁၄ ရက်မှ မေ ၁၈ ရက်အထိကျင်းပလျက်ရှိသည်။
ပြိုင်ပွဲအား မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှအားကစားသမားများပါဝင်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာအားကစားသမားများက မေ ၁၆ ရက်အထိ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ် (၅)ခုနှင့် ကြေးတံဆိပ်(၃)ခုရရှိပြီး နိုင်ငံအလိုက်အဆင့် (၁)နေရာတွင် ရပ်တည်လျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်ကကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီ၊ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(SEABPF)ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit နှင့် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(WBPF)ဥက္ကဋ္ဌ Mr. Datuk Paul Chua တို့တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲ၌ဆုရရှိသူများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြကာ ယနေ့ မေ ၁၇ ရက်တွင် Event အမျိုးအစား(၁၂)မျိုးအား ပြိုင်ပွဲဝင်နိုင်ငံများကဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
