လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့်ရရှိရန်အတွက် လိုအပ်သည့် အဆောက်အအုံပိုင်းဆိုင်ရာများကို ပြန်လည်ဖြည့်ဆည်းနေသလို၊ အဓိကအကျဆုံးဖြစ်သည့် မြက်ခင်းပြင်ကိုလည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်ရန်ပြင်ဆင်နေကြောင်း သိရသည်။
ထို့ပြင် ပွဲကြည့် ပရိသတ်များ ဘေးကင်းလုံခြုံပြီးအဆင် ပြေစွာ အားပေးနိုင်မည့် အစီအစဥ်များအပြင် ရုပ်သံရို-က်ကူးရေးလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
ပဲခူးပရိသတ်များက “မြန်မာပြည်ရဲ့ လီဗာပူး”ဟု တင်စားခေါ်ဝေါ်ကြသည့် ဟံသာဝတီယူနိုက်တက်အသင်းသည် ပရိသတ်အင်အား တောင့်တင်းသော အသင်းတစ်သင်းလည်း ဖြစ်သည်။
ပဲခူးမြို့၌ အိမ်ကွင်းပွဲစဉ်များ ပြန်လည်ကျင်းပခွင့်ရရှိပါက ဒေသခံပရိသတ်များ၏ အားပေးမှုကြောင့် အိမ်ကွင်းအားသာချက်နှင့်အတူ ယခုနှစ်ရာသီတွင် ဟံသာဝတီယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်ဆုံးသို့ မည်သို့တက်လှမ်းနိုင်မည်ဆိုသည်ကို ပရိတ်သတ်က စိတ်ဝင်စားနေသည်။
