အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။
လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ ခုတ်မောင်းနေရကြောင်း ကာကွယ်ရေးအရာရှိနှစ်ဦးက တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် USNS Arctic (TAOE-8) အမြန်နှုန်းမြှင့် ဆီဖြည့်သင်္ဘောသည်လည်း Bush လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနှင့်အတူ ပူးတွဲလှုပ်ရှားနေကြောင်း သိရသည်။
ဤသို့ အခြားလမ်းကြောင်းမှ သွားလာခြင်းမှာ ပြီးခဲ့သည့်နှစ်များအတွင်း ယီမင်ဟူသီအဖွဲ့၏ သင်္ဘောများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့် ပင်လယ်နီ (Red Sea) နှင့် ဘတ်ဘ်အယ်လ်မန်ဒက်(Bab el-Mandeb) ရေလက်ကြားတို့ကို ရှောင်ကွင်းရန် ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
