အစ္စရေးစစ်တပ်က တနင်္လာနေ့ညနေပိုင်းတွင် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာလိုက်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဘက်သို့ ပစ်ခတ်ခဲ့ပြီးနောက်ထိုသို့ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ပြီး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲကြကာ ယခုကဲ့သို့တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်၏အဆိုအရ ဟစ်ဇ်ဘိုလာတို့သည် Shebaa Farms ဟုလည်းလူသိများသည့် အငြင်းပွားနေသော အစ္စရေးထိန်းချုပ်နယ်မြေ တောင်ပေါ်သို့ တနင်္လာနေ့ညနေပိုင်းက ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လက်ဘနွန်တစ်ဝှမ်း ဟစ်ဇ်ဘိုလာတို့ရှိသည့်နေရာများကို တိုက်ခိုက်ခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် ပစ်လွှတ်ခြင်းသည် အပစ်အခတ်ရပ်စဲရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်ပြီး၊ ယင်းကိစ္စကို ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့ရာတွင် “အပစ်အခတ်ရပ်စဲရေးကို ဆက်လက် အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟုလည်း နေတန်ယာဟုက ဆက်လက် ပြောကြားသည်။
