ဘန်ကောက်၊ ဇွန် ၂၂
မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဖူလုံရေးရုံး (NHSO) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံ၏ Universal Coverage Scheme (UCS) သို့မဟုတ် “ရွှေကတ်” ကျန်းမာရေးအာမခံစနစ် အကျိုးခံစားခွင့်ရှိသူများသည် အဆိုပါဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို စုစုပေါင်း အကြိမ်ရေ သန်း ၁၉၂ ကျော် အသုံးပြုခဲ့ကြောင်း NHSO က ပြောကြားသည်။
NHSO အတွင်းရေးမှူးချုပ် ဒေါက်တာ ဂျာဒက် သာမတာချာရီက ယင်းအချက်အလက်များသည် နာတာရှည်ရောဂါများ၏ သက်ရောက်မှု ပိုမိုမြင့်မားလာခြင်းနှင့် ထိုင်းနိုင်ငံ၏ လူဦးရေဖွဲ့စည်းပုံသည် သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းအဖြစ်သို့ ကူးပြောင်းလာနေခြင်းကို ထင်ဟပ်ပြသနေကြောင်း ပြောကြားခဲ့သည်။
အချက်အလက်များအရ ပြင်ပလူနာဝန်ဆောင်မှုတွင် လူနာ ၂၈.၆၆ သန်းက လာရောက်ပြသမှု အကြိမ်ရေ ၁၈၅.၇၈ သန်း ရှိခဲ့ပြီး၊ အတွင်းလူနာဝန်ဆောင်မှုတွင် လူနာ ၄.၄၃ သန်းက ဆေးရုံတက်ရောက်မှု အကြိမ်ရေ ၇.၀၈ သန်း ရှိခဲ့သည်။
ပြင်ပလူနာ ပြသမှုအများဆုံး ရောဂါများအနက် သွေးတိုးရောဂါသည် အကြိမ်ရေ ၂၄.၃၃ သန်းဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး၊ ကိုလက်စထရောမြင့်မားခြင်းကြောင့် ပြသမှု ၁၃.၇၁ သန်းနှင့် အင်ဆူလင်အပေါ် မမှီခိုသော ဆီးချိုရောဂါကြောင့် ပြသမှု ၁၃.၃၁ သန်းတို့ဖြင့် ဒုတိယနှင့် တတိယနေရာများတွင် အသီးသီး ရပ်တည်ခဲ့သည်။
ယင်းနောက် အပေါ်ပိုင်းအသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါတို့က ပြသမှုအကြိမ်ရေ ၇.၂၆ သန်းနှင့် ၆.၄၇ သန်းဖြင့် အစဉ်လိုက် ရှိနေကြောင်း သိရသည်။
NHSO က ထုတ်ပြန်သည့် အချက်အလက်များအရ အများဆုံး ဖြစ်ပွားနေသည့် ရောဂါသုံးမျိုးစလုံးမှာ မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်ကြပြီး ယင်းသည် ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ဖော်ပြနေသည်။
အတွင်းလူနာ ဝန်ဆောင်မှုအပိုင်းတွင်လည်း ဆေးရုံတက်ရောက်မှုများ မြင့်တက်လာခဲ့ပြီး ဆေးရုံတက်ရမှု အကြိမ်ရေ ၂.၃၂ ရာခိုင်နှုန်းနှင့် လူနာအရေအတွက် ၀.၇၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။ စုစုပေါင်း ဆေးရုံခုတင် အသုံးပြုသည့်ရက်ပေါင်း ၂၉.၁ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၄.၉၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဒေါက်တာ ဂျာဒက်က ထိုင်းနိုင်ငံသည် သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းအဖြစ်သို့ ကူးပြောင်းလာနေခြင်းနှင့်အတူ သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါကဲ့သို့သော NCDs ရောဂါများသည် ရေရှည်ကာကွယ်ရေး၊ စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ဆက်လက်စီမံခန့်ခွဲမှုများ လိုအပ်နေသည့် အဓိကကျန်းမာရေးစိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့သည်။
Ref: Bangkok Post
