ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။
ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ ဘေးတွဲယာဉ်များနှင့် ယာဉ်မောင်းများအား တရားဝင်လိုင်စင်ထုတ်ပေး၍ စနစ်တကျ ပြေးဆွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီး ဝင်းတင့်က ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များသည် လက်ရှိတည်ဆဲ ဥပဒေများအရ သတ်မှတ်ထားသည့် ယာဉ်အမျိုးအစားတွင် မပါဝင်သဖြင့် တရားဝင်မှတ်ပုံတင် (လိုင်စင်) ပြုလုပ်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် တရားဝင်တင်သွင်းလာသည့် သုံးဘီးဆိုင်ကယ်များကိုမူ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ ခွင့်ပြုချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိတွင် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ် စီးရေ ၈၀,၀၀၀ ကျော် ပြေးဆွဲလျက်ရှိကြောင်းလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လွှတ်တော်တွင် ထည့်သွင်းပြောကြားခဲ့သည်။
