ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးနေရာ ၁၃ ခုလုံးတွင် အာဆင်းနစ်ဓာတ်ပါဝင်မှုနှုန်းသည် ဘေးအန္တရာယ်ကင်းရှင်းမှု သတ်မှတ်ချက်ထက် ကျော်လွန်နေကြောင်း သိရသည်။ မြစ်ကြောင်းအတွင်း ပုံမှန်မဟုတ်သော နောက်ကျိနေသည့်ရေများတွေ့နေရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြစ်ရေညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန(ပီစီဒီ) က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
တာဝန်ရှိသူများသည် ထိုင်း-မြန်မာနယ်စပ်တလျှောက် မယ့်စရင်းမှ ဆော့ပ်မွီခရိုင်အထိ မြစ်ကြောင်းအတွင်းမှ ရေနှင့်နုံးနမူနာများကို စုဆောင်းရယူခဲ့ကြောင်း ပီစီဒီ ညွှန်ကြားရေးမှူးချုပ် ဆူရင် ဝိုရာကစ်ထမ်မရောင်က ပြောကြားခဲ့သည်။
ဓာတ်ခွဲခန်းစစ်ဆေးမှုများအရ နေရာတိုင်းတွင် အာဆင်းနစ်ပါဝင်မှုအဆင့်သည် တစ်လီတာလျှင် ဝ.၀၁ မီလီဂရမ်စံနှုန်းသတ်မှတ်ချက်ထက် ကျော်လွန်နေကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် တစ်နေရာတွင် ခဲဓာတ်ပါဝင်မှုသည် တစ်လီတာလျှင် ဝ.၀၅ မီလီဂရမ်စံနှုန်းထက်ကျော်လွန်နေခဲ့ပြီး ပြဒါးပါဝင်မှုအဆင့်မှာမူ ဘေးအန္တရာယ်ကင်းရှင်းသည့် သတ်မှတ်ချက်အတွင်းသာ တွေ့ရှိရသည်။
မြစ်လက်တက်နေရာငါးခုမှ နမူနာများကိုလည်း ရယူစစ်ဆေးခဲ့ပြီး အားလုံးသည် ရေအရည်အသွေးစံနှုန်းများနှင့် ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုတွေ့ရှိချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံကို အသိပေးအကြောင်းကြားရန်နှင့် မြစ်အထက်ပိုင်းရှိ ညစ်ညမ်းမှုဖြစ်နိုင်သော အရင်း အမြစ်များကို စုံစမ်းစစ်ဆေးပေးရန် ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းသွားမည်ဟု မစ္စတာဆူရင်က ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
