သီပေါ၊ ဇူလိုင် ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်မြောက်ပိုင်း၏ တစ်ခုတည်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးကာ နောက်ပိုင်းတွင် တူတော်စပ်သူ စဝ်ဦးကြာက ဆက်လက်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်သည့် ဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ထားရှိ၍ ခရီးသွားများ လေ့လာနိုင်ရန် သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ပေးမည်ဖြစ်သည်။
အဆိုပါ ဟော်နန်းအား စော်ဘွားကြီး စဝ်ကြာဆိုင်၏တူတော်စပ်သူ စဝ်ဦးကြာထံမှ ဆရာတော် သံဃာတော်များက လွှဲပြောင်းလက်ခံခဲ့ပြီးနောက် ဇွန် ၂၉ ရက်တွင် “သီပေါဟော် ဗုဒ္ဓကောလိပ်” အဖြစ် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့သည်။ ကျန်ရှိသည့် မြေဧရိယာတွင် ဗုဒ္ဓကောလိပ် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ဟော်နန်း၏ မူလလက်ရာကို မထိခိုက်စေရန် ဘေးပတ်လည် ပေ ၁၂၀ အတွင်း မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်မည်မဟုတ်ကြောင်း သိရသည်။
Photo- Clay Gilliland – Wikipedia
