Home News Local News သီပေါဟော်နန်းကို နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နိုင်ငံတော်အဆင့် ကမ္ပည်းမော်ကွန်းတင်မည်

သီပေါဟော်နန်းကို နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နိုင်ငံတော်အဆင့် ကမ္ပည်းမော်ကွန်းတင်မည်

0
75

သီပေါ၊စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်၁၀၀နှင့်အထက်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် တရားဝင်သတ် မှတ်လိုက်ပြီး မကြာမီ နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါဟော်နန်းကို ယဥ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော် ငြာစာဖြင့် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“သီပေါဟော်နန်းကို နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော် ကွန်းတင်ပြီး ဆောင်ရွက်သွားကြမှာဖြစ်ပြီး ရှေ့ဆက် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမယ်”ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက ပြောကြားထားသည်။

အဆိုပါဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်းဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးသည့် သမိုင်းဝင်အဆောက် အအုံတစ်ခုလည်းဖြစ်သည်။

ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် သီပေါဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ထားရှိပြီး ခရီးသွားများ လေ့လာနိုင်ရန် သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ် သည်။

ထို့အပြင် သီပေါဟော်နန်း၏ မူလလက် ရာနှင့် အဆောက်အအုံကို မထိခိုက်စေရန် ဟော်နန်းဘေးပတ်လည် ပေ ၁၂၀ အတွင်း အခြားအဆောက်အအုံများ ဆောက်လုပ်မည်မဟုတ်ကြောင်း သိရသည်။

ဓာတ်ပုံ-Sai Kaung Thet San