ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။
ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်သွားဖို့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို အစိုးရအဖွဲ့ရုံးမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ တရားဝင် ကြိုဆိုပွဲ အခမ်းအနားနဲ့ ကြိုဆိုမှာ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေဖို့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားမှာပါ။
ဒီခရီးစဉ်အတွင်းမှာ ထိုင်းနဲ့ မြန်မာ ဌာနဆိုင်ရာတွေကြား နားလည်မှုစာချွန်လွှာ (MOU) တွေ လက်မှတ်ရေးထိုး လဲလှယ်တာ၊ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ကူညီပံ့ပိုးမှုတွေ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ ဝန်ကြီးချုပ်က သမ္မတအတွက် ဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံမှာပါ။
ခရီးစဉ်အတွင်းမှာပဲ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ အထိမ်းအမှတ်အဖြစ် ကျင်းပမယ့် “ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆” ကိုလည်း အတူတကွတက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီဖိုရမ်ဟာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေးမှာဖြစ်သလို နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍတွေကြား ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေဖို့ ဆောင်ရွက်ပေးမယ့် လမ်းစတစ်ခုလည်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ဖော်ပြထားပါတယ်။
