မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိရာ သာသနာဝင်သမိုင်း၏ အထင်ရှားဆုံးသော မှတ်တိုင်တစ်ခုမှာ ရန်ကုန်မြို့၌ လွန်ခဲ့သည့် နှစ် ၇၀ ကကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ပိဋကတ်တော်များ မူအမှားအယွင်းမရှိစေရန်နှင့် ကမ္ဘာ့အလယ်တွင် သာသနာတော် ပိုမိုတောက်ပစေရန် ရည်ရွယ်ကျင်းပခဲ့သည့် ဤပွဲကြီး၏ အောင်ပွဲသက်တမ်းသည် ယခု ၂၀၂၆ ခုနှစ်တွင် နှစ် (၇၀) တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ သမိုင်းဝင်ဖြစ်ရပ်ကြီးနှင့် ပတ်သက်၍ လူငယ်မျိုးဆက်သစ်များ သိရှိနိုင်စေရန် မှတ်တမ်းအကျဉ်းကို တင်ပြအပ်ပါသည်။
၁။ ကျင်းပသည့်ကာလ
စတင်သည့်ရက်- ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ (၁၉၅၄ ခုနှစ်၊ မေလ ၁၇ ရက်)။
ပြီးဆုံးသည့်ရက်- ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (၁၉၅၆ ခုနှစ်၊ မေလ ၂၂ ရက်)။
ကြာမြင့်ချိန်- စုစုပေါင်း (၂) နှစ်တိတိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခု ၂၀၂၆ ခုနှစ်သည် အောင်ပွဲပြီးဆုံးခဲ့သည့် ၁၉၅၆ ခုနှစ်မှ ရေတွက်လျှင် နှစ် (၇၀) ပြည့် မြောက်သည့် နှစ်ဖြစ်ပါသည်။
၂။ တည်နေရာ (ကမ္ဘာအေး ကမ္ဘာ့သာသနာ့ဟေဝန်)
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးကမ္ဘာ့သာသနာ့ဟေဝန် ရင်ပြင်အတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
အဓိက ထင်ရှားသည့် အဆောက်အအုံမှာ မဟာပါသာဏလိုဏ်ဂူတော်ကြီး ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ပထမသင်္ဂါယနာတင်ခဲ့ရာ “သတ္တပဏ္ဏိလိုဏ်ဂူ” ကို အတုယူကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၃။ ပါဝင်သည့် သံဃာတော်များနှင့် နိုင်ငံများ
မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယား စသည့် ထေရဝါဒ (၅) နိုင်ငံမှ သံဃာတော်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ ညောင်ရမ်းဆရာတော်ကြီး က သဘာပတိ (ဆဋ္ဌသင်္ဂီတိကာရကသံဃသမ္မုတိ) အဖြစ် ဆောင်ရွက်ပြီး၊ မဟာစည်ဆရာတော်ကြီး က “ပုစ္ဆက” (မေးမြန်းသူ) အဖြစ်လည်းကောင်း၊ မင်းကွန်းတိပိဋကဆရာတော်ကြီးက “ဝိသဇ္ဇက” (ဖြေကြားသူ) အဖြစ်လည်းကောင်း ဆောင်ရွက်ကာ ပိဋကတ်သုံးပုံကို တည်းဖြတ်သန့်စင်ခဲ့ကြသည်။
ယခုနှစ် အောင်ပွဲတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သံဃာတော်များကြွရာက်မည်။
၄။ ရည်ရွယ်ချက်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း (၂၅၀၀) ပြည့် (ဗုဒ္ဓသာသနာ ၂၅၀၀ ပြည့်) အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပိဋကတ်တော်များကို စက်တင်ပုံနှိပ်စနစ်ဖြင့် ကမ္ဘာ့ပထမဆုံးအကြိမ် ရို-က်နှိပ်ထုတ်ဝေနိုင်ခဲ့သည့် သင်္ဂါယနာတင်ပွဲဖြစ်သဖြင့် သာသနာ့သမိုင်းတွင် အလွန်အရေးပါသည်။
၅။ ဦးဆောင်ခဲ့သည့် အစိုးရ
လွတ်လပ်ရေးရပြီးခေတ် ဖဆပလအစိုးရလက်ထက် ဝန်ကြီးချုပ် ဦးနု ဦးဆောင်၍ နိုင်ငံတော်အဆင့် ခမ်းနားစွာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
