သက်တော် ၉၀ အရွယ် တိဗက်ဘာသာရေးအကြီးအကဲ ဆရာတော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် “အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု” (Best Audiobook Narration) ကို ဆွတ်ခူးရရှိခဲ့သည်။
အမေရိကန် အဆိုတော်နှင့် တေးရေးဆရာ Rufus Wainwright က ဆရာတော်ကြီးကိုယ်စားတက်ရောက် ဆုယူပေးခဲ့သည်။ “Meditations: The Reflections of His Holiness the Dalai Lama” အမည်ရှိ အဆိုပါ အသံထွက်စာအုပ်အတွက် တေးဂီတဖန်တီးသူများထဲတွင် ဆာရောဒ် (Sarod) ဂီတပညာရှင်ကြီး Amjad Ali Khan လည်း ပါဝင်သည်။
“ဒီအသိအမှတ်ပြုမှုကို ကျေးဇူးတင်ရှိမှု၊ နှိမ့်ချမှုတွေနဲ့အတူ လက်ခံရယူပါတယ်။ ဒါကို မိမိတစ်ဦးတည်းအတွက်လို့ မမြင်ဘဲ ကျွန်ုပ်တို့အားလုံးမှာ ရှိနေတဲ့ ဘုံတာဝန်ဝတ္တရားကို အသိအမှတ်ပြုတာလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေး၊ ကရုဏာတရား၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ လူသားအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြစ်တယ်ဆိုတဲ့ နားလည်မှုတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသား ၈ ဘီလီယံစလုံးရဲ့ စုပေါင်းကောင်းကျိုးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ကျွန်ုပ် အခိုင်အမာယုံကြည်ပါတယ်။ ဒီလို အသိအမှတ်ပြုခံရမှုကတစ်ဆင့် အဆိုပါ သတင်းစကားတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားစေဖို့ အထောက်အကူဖြစ်စေမှာမို့ ကျေးဇူးတင်မိပါတယ်” ဟု ဒလိုင်းလားမားက X (ယခင် Twitter) ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
၁၄ ဆက်မြောက် ဒလိုင်းလားမား (၁၉၃၅ – သက်ရှိထင်ရှား) သည် တိဗက်ဗုဒ္ဓဘာသာ၏ ဘာသာရေး အကြီးအကဲဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သူလည်းဖြစ်သည်။
