ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကျပ် (၆၂) ဘီလျံကျော် မူးယစ်ဆေးများအား ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းမူးယစ်ဆေးများကို ကရင်ပြည်နယ်သို့ သယ်ဆောင်
မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇွန်လ (၉) ရက်၊ မွန်းလွဲက ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ယာဉ်မောင်း စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် FAN အမျိုးအစား (၂၂) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် (၆၂ ဒသမ ၀၇၅) ဘီလျံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) (၁) ဒသမ (၅၁) တန်၊ စိတ်ကြွဆေးပြား (၆) ဒသမ (၁၅) သန်းတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား ပျဉ်းမနားမြို့နယ်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ တောင်ငူမြို့၊ ထီးလှိုင်(၁)ရပ်ကွက်နေ အောင်ဇေယျဖြိုး(ခ)ကျော်သူရ(ခ)သူရ(ခ) ကြက်ခေါင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ထို့ပြင် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
