မေလအတွင်း အီလက်ထရောနစ်စောင့်ကြည့်စနစ်ဖြင့် လွတ်မြောက်နိုင်ခြေရှိသော အကျဉ်းထောင်အဆင့် လွတ်ငြိမ်းခွင့်ပြန်လည်သုံးသပ်ရန် အတည်ပြုထားသည့် အကျဉ်းသား ၁၀ ဦးတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်း ပါဝင်နေကြောင်း သိရသည်။
ဗဟို ကလောင်ပရမ်အကျဉ်းထောင်ကော်မတီသည် သက်ဆင်အပါအဝင် အရည်အချင်းပြည့်မီသော အကျဉ်းသားများ၏ အမည်စာရင်းကို ထောက်ခံအတည်ပြုခဲ့သည်ဟု တရားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့သည်။
ကော်မတီသည် ၎င်း၏ ပြန်လည်သုံးသပ်မှုကို အပြီးသတ်ပြီးဖြစ်ကာ အမည်စာရင်းပါ ၁၀ ဦးစလုံးသည် လွတ်ငြိမ်းခွင့်အတွက် ထည့်သွင်းစဉ်းစားရမည့် စံနှုန်းများနှင့် ကိုက်ညီကြောင်း သဘောတူခဲ့သည်ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ယခုအခါ နောက်ထပ်စိစစ်မှုလုပ်ရန်အတွက် စာရင်းကို အကျဉ်းဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်သည်။
တစ်နှစ်ပြစ်ဒ-ဏ်ကျခံနေရသော သက်ဆင်သည် ခြောက်လကျော် ထောင်တွင်းနေခဲ့ပြီးဖြစ်ကာ မေလတွင် လွတ်ငြိမ်းခွင့်အတွက် လိုအပ်သော သုံးပုံနှစ်ပုံစံနှုန်းနှင့် ကိုက်ညီမည်ဟု မျှော်လင့်ရသည်။
အသက်အရွယ်၊ ကျန်းမာရေး၊ ထောင်တွင်းအပြုအမူနှင့် ကြီးကြပ်မှုအဖွဲ့၏ သင့်လျော်သည်ဟူသော ထင်မြင်ချက်များကို လွတ်ငြိမ်းခွင့်အတွက် ထည့်သွင်းစဉ်းစားကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
လုပ်ငန်းစဉ်သည် နှောင့်နှေးခြင်းမျိုးမဖြစ်ဘဲ အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ပါက မေလ ၁၁ ရက်နေ့တွင် သူ လွတ်မြောက်နိုင်ပြီး သူ၏ ပြစ်ဒ-ဏ်ကာလ မစေ့မချင်း စောင့်ကြည့်အခြေအနေတွင် နောက်ထပ်လေးလကြာ နေထိုင်ရနိုင်သည်။
Ref: ဘန်ကောက်ပို့စ်
