လေးမျက်နှာ၊သြဂုတ်-၄
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကြောင့် နီးစပ်ရာ ရေဘေးလွတ်ရာဒေသများသို့ ရွှေ့ပြောင်းထားရသည့် တိရစ္ဆာန်များအတွက် အစာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန် ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ် သားများသည် ဩဂုတ် ၁ ရက်မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၃ ရက်အထိ နွား ၁၆၄ ကောင်အား ကာ ကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နွား ၁၃၁ ကောင်၊ ဝက် ၁၄၁ ကောင်နှင့် ဆိတ် ၅၈ ကောင်တို့ကို ကျန်းမာရေးစစ်ဆေးကုသပေးခဲ့သလို တိရ စ္ဆာန်အစာ ၃၇၅ ကီလိုဂရမ်ကိုလည်း ရေဘေးသင့်မွေးမြူရေးသမားများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာဖြန့်ဝေခြင်းနှင့် ဆေးကုသမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့် ဆေးဝါးများနှင့် တိရစ္ဆာန်အစာများကို ရေဘေးသင့်ဒေသများရှိ သက်ဆိုင်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားကြောင်း ထုတ်ပြန်ထားသည်။
ရေဘေးသင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည့် အကူအညီများရယူလိုပါက သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။
ဓာတ်ပုံ-ARG
