တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြု၍ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေမှုများအား တားဆီးနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စနစ်တကျ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် မေးမြန်းလာသည့် လောင်းကစားဂိမ်းများက ဖုန်းနံပါတ်အမျိုးမျိုးအသုံးပြု၍ SMS ပေးပို့နေမှုများကို မည်သို့တားဆီးဆောင်ရွက်နေသည်နှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြန်လည်ဖြေကြားရာတွင် ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသောစာသားများကို ဖုန်းနံပါတ် ၆၀ ခုသို့ အချိန်တစ်နာရီအတွင်း ဖြန့်ဝေပေးပို့ခြင်း သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ခုသို့ ဖြန့်ဝေပေးပို့ခြင်းတို့ကို ပုံမှန်မဟုတ်သော SMS ပေးပို့မှုအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ပုံမှန်မဟုတ်သော SMS ပေးပို့မှုများကို သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာများ၏ SMS Firewall စနစ်တွင် Automatic Blocking Direction နည်းလမ်းဖြင့် အလိုအလျောက်ပိတ်သိမ်းကာ တားဆီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စောင့်ကြည့်ထိန်းချုပ်၍ အရေးယူဆောင်ရွက်မှုများအရ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ လောင်းကစားနှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် SMS များ ပေးပို့နေသည့် ဖုန်းနံပါတ် စုစုပေါင်း ၃၉၀,၉၇၈ ခုကို အပြီးတိုင်ပိတ်သိမ်းထားကြောင်း သိရသည်။
ထို့အပြင် လောင်းကစား SMS များ ပေးပို့နေသည့် ဖုန်းနံပါတ်များကို တွေ့ရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ [email protected] သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
