Home News Local News လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နေရာတည်းတွင် မြင်ရသည့်ယဉ်ကျေးမှုပြတိုက်သို့ မြန်မာနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ သွားရောက်

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နေရာတည်းတွင် မြင်ရသည့်ယဉ်ကျေးမှုပြတိုက်သို့ မြန်မာနိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ သွားရောက်

0
102

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့် ယဉ်ကျေးမှု ပြတိုက်ကြီးတစ်ခု ရှိနေပါသည်။

လာအိုသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှက အဆိုပါပြတိုက်သို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်လေ့လာခဲ့သည်။

ဤပြတိုက်ကြီးသည် ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း အလွန်ကြီးမားကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာပေါင်းများစွာဖြင့် ဆင်ယင်မွမ်းမံထားသည်။

ပြတိုက်ပိုင်ရှင်သူဌေးသည် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ချေးငွေရယူကာ ဤဧရာမပြတိုက်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများသည် ၎င်းတို့မိသားစုက နှစ်ပေါင်း ၄၀ ကျော်တိုင်တိုင် စနစ်တကျ တကူးတက စုဆောင်းခဲ့သည့် သမိုင်းဝင်အမွေအနှစ်များ ဖြစ်သည်။

ပြတိုက်အတွင်းရှိ ဧရာမ ပန်းချီကားကြီးများကိုလည်း ပြတိုက်၏ သီးသန့်ပန်းချီပညာရှင်များက ကိုယ်တိုင်စိတ်ကြိုက် ခြယ်မှုန်းဆွဲသားထားခြင်း ဖြစ်သည်။ ဤပြတိုက်ကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားများနှင့် လာအိုအစိုးရအဖွဲ့၏ အားပေးထောက်ခံမှုကြောင့် ယခုကဲ့သို့ ကမ္ဘာ့အဆင့်မီ ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ပြတိုက်အတွင်း မဖြစ်မနေ ကြည့်ရှုသင့်သည့် အဓိကပြခန်းကြီး (၃) ခုမှာ

ဗုဒ္ဓဆင်းတုတော်များနှင့် ရှေးဟောင်းပစ္စည်းပြခန်း
ရွှေမှုန်ပန်းချီပြခန်း
သစ်သားပန်းပုပြခန်းကြီးတို့ဖြစ်သည်။

ပြတိုက်ဝန်းအတွင်းသို့ ရောက်ရှိပါက ဧည့်ကြိုဆောင်မှတစ်ဆင့် ပင်မပြတိုက်ကြီးဆီသို့ သာယာလှပသော ကန်ရေပြင်ထက်က တံတားကြီးကို ဖြတ်ကျော်ကာ ဘာဂီကားလေးများဖြင့် လိုက်လံပို့ဆောင်ပေးသဖြင့် ခရီးသွားများအတွက် အလွန်စိတ်ကျေနပ်စရာကောင်းလှသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here