နေပြည်တော်၊ လယ်ဝေးမြို့၌ မူလတန်းကြိုကျောင်းဆောက်လုပ်ရန် အိန္ဒိယနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ဧပြီ ၉ ရက်က MoU ရေးထိုးခဲ့ကြသည်။ အဆိုပါ မူလတန်းကြိုကျောင်းဆောက်လုပ်နိုင်ရန် မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရကြား အ သေးစားဖွံ့ဖြိုးမှုစီမံကိန်းများ(SDP) အကောင်အထည် ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနကအဆိုပြုခဲ့ခြင်းဖြစ်သည်။ MoU အရ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံမှုရှိသော၊ ပါဝင်သင်ကြားခွင့်ရှိသော၊ အရည်အသွေးမြင့်သော သင်ယူမှုပတ်ဝန်းကျင်များဖန် တီးပေးနိုင်မည်ဖြစ်ကာ ကလေးများ၏ ကိုယ်ကာယပိုင်း၊ ဉာဏ်ရည်၊ ဉာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှု ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် မူလတန်းကြိုကျောင်းတစ်ကျောင်းအဖြစ်ပေါ်ထွက်လာပြီး လူ့စွမ်းအားအရင်းအ မြစ်ဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးအကျိုးကျေးဇူးများရရှိမည်ဖြစ်ကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေးအတွက်အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မူလတန်းကြိုကျောင်းဆောက်လုပ်ခြင်းဆိုင်ရာ MoU ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက် တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ဒု-အကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
