အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်မည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ် (၅) ရပ်ကွက်ရှိ လပွတ္တာမြို့မဈေးကို ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီဈေးဝယ်စင်တာအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေက မေးမြန်းခဲ့သည်။
ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးခင်မောင်လတ်က လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အခွန်နှင့် သာမန်ရငွေ ကျပ် ၈၄၃ ဒသမ ၄၂ သန်း လျာထားပြီး သာမန်အသုံးစရိတ် ကျပ် ၄၀၀ ဒသမ ၈၆၅ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၄၃၈ ဒသမ ၇၃ သန်းဖြင့် မြို့သာယာလှပရေး၊ လမ်း၊ တံတားနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ကြောင့် လပွတ္တာမြို့မဈေးကို ဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်ရန် စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာငွေဖြင့် လတ်တလော အကောင်အထည်ဖော်ရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။
သို့သော် ဈေးသူဈေးသားများ၏ ဆန္ဒနှင့်အညီ လက်ရှိမြို့မဈေးဟောင်းကို ခေတ်မီဈေးသစ်အဖြစ် အကျိုးတူရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးခင်မောင်လတ်က ပြောကြားခဲ့သည်။
လပွတ္တာမြို့မဈေးသည် ကုန်သည်လမ်း၊ လမ်းမတော်လမ်း၊ ဘုရားလမ်းနှင့် ပိတောက်လမ်းတို့အကြား တည်ရှိပြီး ၁၉၆၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ဈေးဖြစ်ကာ ဆိုင်ခန်းပေါင်း ၂၂၂ ခန်းရှိသည်။
ယခင်က အထည်အလိပ်၊ ရေလုပ်ငန်းသုံးပစ္စည်း၊ နိဗ္ဗာန်ကုန်၊ အထည်ချုပ်၊ လူသုံးကုန်၊ အလှကုန်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ ကွမ်းနှင့် ကွမ်းယာပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းနှင့် ကုန်မာပစ္စည်းဆိုင်များဖြင့် ရောင်းသူဝယ်သူ စည်ကားခဲ့သည့် မြို့မဈေးကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
