နိုင်ငံတော်ခရီးစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများ ရှင်းလင်း
လန်ဒန်၊ဇူလိုင်-၂၄
မြန်မာသံရုံး (လန်ဒန်) ၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းသည် ဇူလိုင် ၂၂ ရက် ညနေပိုင်းက လန်ဒန်မြို့ရှိ ထိုင်းသံရုံးတွင် ကျင်းပသည့် ASEAN-London Committee (ALC) အစည်းအဝေး (၆/၂၀၂၆) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အာဆီယံ-လန်ဒန်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗြိတိန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Ms. Panha Tuot က ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗြိတိန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Nadhavathna Krishnamra ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ထိုင်းသံအမတ်ကြီးက ၎င်း၏ ဥက္ကဋ္ဌသက်တမ်းအတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး၊ ASEAN-London Committee နှင့် ဗြိတိန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အဖွဲ့ဝင်နိုင်ငံများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Teodoro L. Locsin Jr. ကလည်း ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တင်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးယာယီတာဝန်ခံ ဦးဝင်းဇေယျာထွန်းကလည်း နိုင်ငံတော်ခရီးစဉ်များ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများကို အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
