နိုင်ငံတော်အစိုးရမှဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်စစ်တက္ကသိုလ်၌ကျင်းပသည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၇) ၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဥ်များကိုလက်ညှိုးထိုး၍ NCA တွင်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ရှိပြီးသားကတိကဝတ်များကိုချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကိုသွေဖယ်မှုပြုလုပ်ခဲ့ကြသည်ဟု ပြောသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ဖြစ်ရပ်တွေအပေါ်မှာအခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ချက်ကို ရှင်းလင်းတိကျစွာပြဌာန်းထားပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာတွေ့ဆုံဆွေးနွေးပြီးအဖြေရှာမှသာရရှိနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေဆောင်ရွက်ချိန်မှာ ဖြစ်ချင်တာတွေကိုပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာတွေကို ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်သွားကြရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်တွေ့ကျပြီးအောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ကောင်းကျိုးကိုရှေးရှုဆောင်ရွက်နိုင်မည်ဟု ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအား ရည်မှန်းချက်တူပါက ပြည်ထောင်စုအကျိုးကိုရှေးရှု၍ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာကြရန်နိုင်ငံတော်မှကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကာ မျှော်မှန်းတည်ဆောက်နေသည့် ပြည်ထောင်စုကြီးအတွက် လက်နက်ကိုင်လမ်းစဥ်ဖြင့်ဖြေရှင်းရန်ကြိုးပမ်းမှုသည် နှစ်ပေါင်း (၇၀) ကျော်ကြာသည်အထိ မည်သည့်ရလဒ်မှထွက်ပေါ်လာခြင်းမရှိသည်ကိုသင်ခန်းစာယူရမည်ဖြစ်ပြီး ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဥ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ရန်အချိန်ကျနေပြီဟု ပြောသည်။
အကြမ်းဖက်အဖွဲ့များသည် လူငယ်လူရွယ်များကိုလွဲမှားသည့် မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဥ်ဆီတွန်းပို့ခဲ့ရာ ယင်းလက်နက်ကိုင်လမ်းစဥ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
