Home International ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

0
66

ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည်

ပေကျင်း၊ စက်တင်ဘာ ၂၂

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဒေါ်နယ်ထရမ့်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်သက်ဆိုင်သည့် အဓိကကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း (Guo Jiakun) က ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုအားကောင်းလာစေရန်နှင့် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများကို သင့်လျော်စွာ စီမံကိုင်တွယ်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အမေရိကန်ဘက်မှ ထုတ်ပြန်ထားသည့် အစီအစဉ်အရ သမ္မတရှီကျင့်ဖျင်နှင့် ဇနီး ဖုန်လိယွမ်တို့ စက်တင်ဘာ ၂၃ ရက်တွင် ရောက်ရှိလာချိန်၌ သမ္မတထရမ့်က Joint Base Andrews တွင် ကိုယ်တိုင်ကြိုဆိုမည်ဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်တွင် အိမ်ဖြူတော်၌ နိုင်ငံတော်အဆင့် ကြိုဆိုပွဲကျင်းပမည်ဖြစ်ပြီး ထိုနေ့ညတွင် သမ္မတထရမ့်နှင့် သမ္မတကတော် မယ်လာနီယာထရမ့်တို့က နိုင်ငံတော်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။

စက်တင်ဘာ ၂၅ ရက်တွင် ခေါင်းဆောင်နှစ်ဦးနှင့် ဇနီးများသည် အိမ်ဖြူတော်၌ လက်ဖက်ရည်သောက်ပွဲပြုလုပ်ပြီးနောက် ဝါရှင်တန်ဒီစီရှိ National Archives သို့ သွားရောက်ကာ အမေရိကန်-တရုတ်ဆက်ဆံရေးသမိုင်းနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို ကြည့်ရှုမည်ဖြစ်ပြီး ယင်းနောက် သမ္မတရှီကျင့်ဖျင်၏ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။