ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။
ယနေ့ ဇွန် ၁၂ ရက်ကကျင်းပသည့် တတိယအကြိမ် ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအ ဝေး ဒုတိယနေ့တွင် ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးသိန်းနိုင်၏ ရွှေပြည်သာ မြို့နယ်အတွင်း လိုအပ်လျှက်ရှိသော ထရမ်စဖော်မာများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရွှေပြည်သာမြို့နယ်ရှိ မီးသုံးသူများကို ဌာနပိုင် ထရန်စဖော်မာ(၂၆၀)လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကာ ယင်းတို့အနက် (၁၀၀)လုံးသည် မီးသုံးစွဲသူများပြား၍ ဝန်အားမနိုင်ခြင်းကြောင့် ထရန်စဖော်မာများပျက်စီးမှုမဖြစ်စေရန် အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးနေရသည်ဟု ဖြေကြားသည်။
ယင်း ထရန်စဖော်မာ(၁၀၀)လုံးအနက် ပထမဦးစားပေးအနေဖြင့် ထရန်စဖော်မာ(၃၁)လုံးအား ဝန်အားလျော့ချနိုင်ရန် 11.4 kv 200 kva ထရန်စဖော်မာ(၃၁)လုံးအသစ်တည်ဆောက်ခြင်း၊ 11 kv ကောင်းကင်ဓာတ်အားလိုင်း ပေ(၉,၁၅၀)အသစ်တည်ဆောက်ခြင်း၊ 0.4 kv ကောင်း ကင်ဓာတ်အားလိုင်း ပေ(၆၂,၀၀၀)အသစ်တည် ဆောက်ခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်းကုန် ကျငွေကျပ်၊ ပစ္စည်း၊ လုပ်အားခနှင့် QC စုစုပေါင်း (၃၃၃၇ ဒသမ ၆၁၆)သန်းခန့်ကုန်ကျမည်ဟု ဖြေကြားသည်။
ယင်း ထရန်စဖော်မာ(၃၁)လုံးတည်ဆောက်ခြင်းအား ဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများမှာလျာထားမှုမရှိသဖြင့် အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ခွင့်ပြုပါက ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ၏ ဘဏ္ဍာရေးနှစ်အလိုက်တွင်ထည့်သွင်းလျာ ထားကာ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားနိုင်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရွှေပြည်သာမြို့နယ်အား ရပ်ကွက်(၂၃)ခု၊ ကျေးရွာ(၄) ရွာဖြင့်ဖွဲ့စည်းထားပြီး မီးသုံးစွဲသူ(၇၂,၀၂၄)ဦးရှိကြောင်း သိရသည်။