လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား (၁၀)ရက်တိုင်တိုင် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို မတ်လ(၄)ရက်နေ့မှ မတ်လ(၁၃)ရက်အထိနံနက်(၉)နာရီမှ (၁၀)ရက်တိုင်တိုင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာဟု ဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးတို့ဖြင့် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကို မတ်လ(၄)ရက်တွင်ကျင်းပမည်ဖြစိပြီး တပေါင်းလပြည့်နေ့၊ မတ်လ(၁၃)ရက် နံနက်(၉)နာရီအထိ သံဃာတော် (၁၂၀)ပါးတို့က နာရီပေါင်း (၂၁၆)နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မတ်လ(၁၂)ရက်၊ ညနေ(၄)နာရီတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ (၁၂၁)ပါး၊ သီလရှင် (၂၇) ပါး၊ စုစုပေါင်း (၁၄၈) ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော်လက်ယာရစ် တစ်ပတ်ဆွမ်းဆန်တော် လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့၊ မတ်လ(၁၃)ရက်နေ့ နံနက် (၅)နာရီတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ နံနက် (၉)နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကျင်းပခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်၍ ရဟန်းရှင်လူပြည်သူများမှ အနုမောဒနာပြုနိုင်ကြရန် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှိုးဆော်ထားသည်။
