၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်က UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း(၃)ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်(၂၄ ဒသမ ၂၂)သန်းရှိပြီး ဆန္ဒမဲပေး သူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိ၍ မဲပေးမှုခိုင်နှုန်းမှာ (၅၄ ဒသမ ၂၂)ရာခိုင်နှုန်းကျော်ဖြစ်သည်ဟု ပြောသည်။
ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်စာရင်းများအပြင် FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ၊ PR မဲဆန္ဒ နယ်များတွင် ကိုယ်စားလှယ်တွက်ချက်မှုပုံစံတို့နှင့်အတူ ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကိုလည်း တစ်ပြိုင်နက်ထုတ်ပြန်ကြေညာပေးခဲ့သည်ဟု ပြောသည်။
ထို့ပြင် UEC အနေဖြင့် မဲရုံတစ်ရုံချင်းစီအလိုက် စာရင်းများရယူ၍ ရလဒ်တွက်ချက်ခြင်းများကို ကော်မရှင်အဖွဲ့ခွဲများနည်းတူဆောင်ရွက်ခဲ့ပြီး စနစ်တကျထုတ်ပြန်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေးစိတ်များကို နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများလေ့လာကြည့်ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာခင်း ကျင်းပြသထားသည်ဟု ပြောသည်။
ထို့ကြောင့် မိမိပါတီ၊ မိမိကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်သည်ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။