မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တစ်သောင်းတန် ငွေစက္ကူအတုကို နေအိမ်တွင် ထုတ်ကာ သုံးစွဲနေသည့် အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့သည်ဟု သိရသည်။
သူမသည် ငွေစက္ကူအတုများဖြင့် ကားဝယ်ရန် ငွေချေရာမှ ငွေစက္ကူအတုများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့အနေဖြင့် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၌ ရှိသည့် သူမနေအိမ်ကို ဝင်ရောက်စစ်ဆေးပြီး နေအိမ်မှ စက်များနှင့်အတူ ထုတ်လုပ်ထားသည့် ငွေစက္ကူအတုများပါ ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“ကွင်းဆက်လိုက်စစ်နေပါတယ်။ သူက ငွေအတုနဲ့ လိုက်ဝယ်ထားတာတွေရှိတယ်၊ စိုးရိမ်ကြတာပေါ့၊ ငွေအတု ကိုယ့်ဆီမှာ ရှိနေရင် ပိုက်မိသလိုဖြစ်နေမှာ” ဟု မြို့ခံများက မွန်ပြည်နယ်၊ ရေးမြို့နယ်သတင်းများတွင် မျှဝေထားသည်။
လက်ရှိတွင် အဆိုပါ အမျိုးသမီးအား ရေးမြို့မ ရဲစခန်းတွင် (ပ)အမှတ် ၃၁ /၂၀၂၅ နိုင်ငံတော် ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေသည်ဟုလည်း သိရသည်။
