လှည်းကူး၊ စက်တင်ဘာ ၄
လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဝါတွင်းကာလ (၇)ရက် အထူးတရားစခန်းကို လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေ အနေများကြောင့် ဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။
လက်ရှိတွင် ယောဂီနားနေဆောင်များမှာ ရေလွတ်နေသော်လည်း ယောဂီဆောင်များ၏ မိလ္လာကန်များ ရေဝင်ပြည့်လျှံနေခြင်းနှင့် ရိပ်သာပတ်ဝန်းကျင်တွင် ရေများဝန်းရံနေခြင်းတို့ကြောင့် တရားစခန်းဖွင့်လှစ်ရန် အဆင်မပြေတော့သဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားစခန်းသို့ ညအိပ်ယောဂီများနှင့် အချိန်ပိုင်းနေ့ယောဂီများအဖြစ် ဝင်ရောက်ရန် စာရင်းပေးသွင်းထားသူများအား တရားစခန်း မဖွင့်လှစ်နိုင်တော့ကြောင်း အသိပေးထားပြီး ရုံးအဖွဲ့မှလည်း စာရင်းပေးထားသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။
