ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရိုင်း ဘယ်လူဆော့ဗ်သည် မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၆ ရက် နေ့တွင် ပြောကြားခဲ့ပြီး မကြာခင်ရက်များအတွင်း ပြုံယမ်းသို့ သွားရောက်သည့် ဒုတိယမြောက် ရုရှားအကြီးတန်းအရာရှိတစ်ဦးဖြစ်လာသည်။
ရုရှား၏ နိုင်ငံတော်ဒူးမားလွှတ်တော်ဥက္ကဌ ယက်ချီဆလက်ဗ် ဗိုလိုဒင်သည်လည်း ပြုံယမ်းသို့ သွားရောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအတွက် မကြာသေးမီက တည်ဆောက်ခဲ့သော အောက်မေ့ဖွယ်အဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
မစ္စတာ ဘယ်လူဆော့ဗ်သည် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်များ၊ အကြီးတန်းစစ်ဘက်အရာရှိများနှင့် ဆွေးနွေးရန်ရှိပြီး အခမ်းအနားများနှင့် အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲများကို တက်ရောက်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သီးခြားအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်မေ့ဖွယ်အဆောက်အအုံဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ကြေးနန်းတစ်စောင် ပေးပို့ခဲ့ကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသအနောက်ပိုင်းသို့ ယူကရိန်းတပ်များကျူးကျော်ခဲ့မှုကို တွန်းလှန်ရာတွင် ကူညီပေးခဲ့မှုအတွက် မစ္စတာ ကင်မ်နှင့် မြောက်ကိုရီးယားစစ်သားများကို ကျေးဇူးတင်ကြောင်း မစ္စတာ ပူတင်က ပြောကြားခဲ့ပြီး နှစ်နိုင်ငံသည် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်